နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 23, 2022

နွားထိုးကြီးမြို့နယ် ညောင်ချေးပေါ်ကျေးရွာအုပ်စု စိန်ပန်းကျင်းကျေးရွာတွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

အမည်မသိအမျိုးသားသုံးဦးက ဧည့်စာရင်းတိုင်မည်ဟုဆိုကာ လာရောက်ခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးသွားတာဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက ပြောသည်။

“ဧည့်စာရင်းတိုင်ချင်လို့ ဘာလိုလဲဆိုပြီး အိတ်ထဲကနေ ပါလာတဲ့ သေနတ်ထုတ်ပြီး ပစ်သွားတာ ပွဲချင်းပြီးပဲ သေသွားတယ်”ဟု ရှင်းပြသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသူမှာ စိန်ပန်းကျင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးဦးခင်မောင်ဝင်းဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာငါးချက်ဖြင့် သေဆုံးခဲ့တာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပစ်ခတ်မှု့ဖြစ်ပြီးနောက် စိန်ပန်းကျင်းကျေးရွာကို စစ်ကောင်စီတပ်များနှင့် ရဲတွေက စစ်ဆေးမှု့အချို့ပြုလုပ်ခဲ့သည်ဟုကျေးရွာနေသူတွေဆီက သိရသည်။

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ သတင်းပေးမှု့ကြောင့်ပြီးခဲ့သည့်ရက်ပိုင်းက နိူင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။