နွားထိုးကြီးတွင် အိမ်စီးကားများဖြင့် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာပြင်းထန်

Author မင်းထက်
Categories
Published on Jan 27, 2024

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးလမ်းခွဲတွင် စစ်သားနှင့် ပျူ ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရကြောင်း Myingyan Black Tiger(MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့ဘက်မှ နွားထိုးကြီးမြို့နယ်၊ သာကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများလိုက်ပါလာသည့် ကားတန်းကို ပဒေသာမိုင်း‌လေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးမှလိုက်ပါလာသည့် Mark-2 ကားကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ထိုစစ်ဆင်ရေးကိုဖော်ဆောင်ခဲ့သည့် MBT အဖွဲ့ထံမှ သိရသည်။

 

“မနေ့(ဇန်နဝါရီ ၂၆ ရက်)က ကားသုံးစီးမှာ ပထမဆုံးကားကို အဓိကထားတိုက်ခိုက်ခဲ့တာ။ တတိယကားကို ထိမှန်ခဲ့တာ။ ရှေ့ဆုံးကားက Jammer ပါလို့လားတော့မသိဘူး။ ထိမှန်ခဲ့တဲ့ ကား ဘယ်ဘက်မျက်နှာပြင်က လေကာမှန်တွေ အားလုံးပျက်စီးတယ်။ တစ်ယောက်က သေသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်ကလည်း အတော်ဒဏ်ရာရပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

 

မိုင်းထိမှန်ခဲ့သော မော်တော်ယာဉ်သည် မြင်းခြံမြို့ဘက်သို့ ပြန်လှည့်သွားပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရ ပျူစောထီးများကို မြင်းခြံမြို့မှ လူနာတင်ကားများဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

ထို့နောက် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ကျန်ကား ၂ စီးမှ မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာကို လာရောက်စစ်ဆေးခဲ့ပြီး မြင်းခြံမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။