နွားထိုးကြီးတွင် ကင်းပုန်းဝပ်မည့်တပ်သားများကို တိုက်ခိုက်မှု ၈ ဦးသေဆုံး

Author မင်းထက်
Categories
Published on Feb 09, 2024

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများထဲမှ ကင်းပုန်းဝပ်မည့်တပ်သားများကို PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ရာတွင် ရှစ်ဦးသေဆုံးကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက CJ Platform သို့ ပြောသည်။

 

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်သားအင်အား ၇၀ ခန့်ဖြင့် ကုန်းသာရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အနက် ကုန်းသာရွာသင်္ချိုင်းကုန်း၌ ကင်းပုန်းဝပ်ရန် ထွက်လာသည့် တပ်သား ၁၅ ဦးခန့်ကို PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကင်းပုန်းမဝပ်တော့ဘဲ ထွက်ပြေးသွားကြောင်း သိရသည်။

 

၎င်းတို့ဝင်သွားရာ အဆောက်အအုံကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ထိုစစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်ခဲ့သည့် MBT တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)တပ်ဖွဲ့နှင့်အတူ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ 27 Revolution Forces ၊ မြင်းခြံ ပ.က.ဖ၊ Triger Brother နှင့် မြစ်သား PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။