နွယ်စု အကြောင်းပြု… ရွှေ့

Published on Mar 10, 2024

နွယ်စုသည် မြန်မာဆန်၍ ချစ်စရာကောင်းသော စကားစု။ တဖန် အမြတ်ထုတ် ကိုယ်ကျိုးရှာသူများကြောင့် မုန်းစရာကောင်း၍ မလိုလား၊ မနှစ်သက်ဟန်လည်း ရှိနေပြန်သည်။

 

လတ်တလော ထိုနွယ်စု ဂယက်ကြောင့်ပင် ချင်းတိုင်းရင်းသား လက်နက်ကိုင်များကြား သဘောထားကွဲကာ အချင်းချင်းပြန်လည်တိုက်ခိုက်ကြသည့်အဆင့်သို့ပင် ရောက်ရှိသွားရပြီဖြစ်သည်။

 

ချင်းတိုင်းရင်းသားတို့၏ တာထွက်ကောင်းခဲ့သည့် စစ်အာဏာရှင်တော်လှန်ရေးရေချိန်တို့က အချင်းချင်း တိုက်ခိုက်မှုများအကြား တုန့်နှေးသွားခဲ့ရပြီဖြစ်သည်။

 

ထို့ကြောင့်ပင် ချင်းပြည်သူတို့က ထိုဝေါဟာရနှင့် ဆက်နွယ်ပတ်သက်သည့် လူပုဂ္ဂိုလ်၊ လုပ်ရပ် မည်သည့်အရာကိုမျှ လိုလားနှစ်သက်ကြဟန်မရှိလှ။

 

“ရန်သူရဲ့ အသုံးချခံဖြစ်သွားမှာ မလိုလားဘူး” ဟု ဆိုလာသူက မတူပီမြို့နယ်အတွင်းနေထိုင်ခဲ့သည့် မနိုးလေး ဖြစ်သည်။

 

မနိုးလေးသည်လည်း အခြားစစ်ဘေးရှောင် ချင်းတိုင်းရင်းသားများနည်းတူ နီးစပ်ရာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ ပြီးခဲ့သည့် ၂၀၂၁ ခုနစ် မတ်လအတွင်းမှစတင်ကာ မိသားစုငါးဦးနှင့်အတူ စစ်ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသူလည်းဖြစ်သည်။

 

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ကန့်ကွက်နေသည့်ကြားမှ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၏ ဦးဆောင်မှုဖြင့် ချင်းပြည်အစိုးရကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

 

ချင်းပြည်အစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဝါရင့်လွှတ်တော်အမတ် ဦးပါထန်းက ဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနေရာတို့ကို CNF/CNA ခေါင်းဆောင်ပိုင်းက နေရာယူခဲ့ကြသည်။ ချင်းပြည်အစိုးရအဖွဲ့ကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးတို့အပါအဝင် ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် CNF/CNA ဌာနချုပ်ရှိရာ ချင်းပြည်၊ ချင်းလုံမြို့တွင် Chinland Council ၏ အစိုးရအဖွဲ့တွင် ပါဝင်သူများ ကျန်းသစ္စာကျိန်ဆိုခဲ့ကြသည်။

 

ထိုပွဲအပြီးမှာကတည်းက CNF/CNA နှင့် ချင်းလက်နက်ကိုင်​အချို့ကြား သဘောထားကွဲမှုက ချင်းပြည်သူများ သတိထားမိသည်အထိ ကြီးထွားလာခဲ့သည်။

 

ချင်းလက်နက်ကိုင်အဖွဲ့များသာမက ချင်းပြည်သူအချို့ကလည်း CNF/CNA ၏ နိုင်ငံရေးပါဝင် ပတ်သက်လာမှုအချို့ကို မလိုလား၊ မနှစ်သက်ကြ။

 

ပြည်တွင်း စစ်မီးရန်ကြောင့် မိသားစုလိုက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးခိုလှုံနေရသူ ချင်းတိုင်းရင်းသားတစ်ဦးကတော့ မျိုးနွယ်စုအကြောင်းပြု ကိုယ်ကျိုးရှာနိုင်ငံရေးအခင်းအကျင်းကို စိတ်ပျက်မိသည်ဟုဆိုသည်။

 

“မောင်ပိုင်မစီးဖို့လိုတယ်” ဟု အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးထဲ ပါဝင်ပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်ရှိ မီဇိုရမ်အတွင်းသို့ တိမ်းရှောင်လာခဲ့ရသူ ၎င်းက ပြောသည်။

 

CNF/CNA ၏ ဗဟိုချုပ်ကိုင်လိုဟန်ရှိသည့် သဘောထားကိုလည်း ချင်း​ပြည်သူအချို့က မနှစ်သက်ကြ။

 

“မင်းအောင်လှိုင်ရဲ့စစ်ကောင်စီက လွတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းယူထားတယ်။ ချင်းအောင်လှိုင်ရဲ့  ချင်းလဲန်းကောင်စီက လွတ်တော်ရဲ့ ၂၇ ရာခိုင်နှုန်းယူထားတယ်။ အတူတူပါပဲ” ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်ပရောက် ချင်းလူမျိုးအချို့က သရော်ထားကြသည်။

 

အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်ဖြစ်လာကြသည်ဟု ပြည်ပရောက် ချင်းလူမျိုးတို့ ဝမ်းနည်းစွာ ဆိုကြသည်။

 

မူလကပင် အင်အားချိနဲ့သည့် ချင်းလူမျိုးတို့သည် ယခုကဲ့သို့ စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်တမျှ အရေးကြီးချိန်တွင် ယင်းသို့ မိမိအနွယ်စုအရေးသာ ပထမဆိုသည့် ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို စွန့်လွှတ်ကျောခိုင်းကာ အမျိုးသားလွတ်မြောက်ရေးနှင့် တည်တန့်ရှင်သန်ရေးအတွက် တစ်စုတစ်စည်းတည်း ဘုံရန်သူကို တိုက်ထုတ်သင့်ပြီဖြစ်ကြောင်း ပြည်ပရောက်ချင်းအမျိုးသားထုက မှတ်ချက်ပြုကြသည်။

 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရောက် မတူမျိုးနွယ်စုဝင် မနိုးလေးကတော့ ၎င်း၏ ရင်တွင်းဆန္ဒကို ယခုလိုထုတ်ဖော်ပြောဆိုသည်။

 

“ကျွန်မတော့  ပူးပေါင်းစေချင်တာပေါ့။ တစ်ခုတည်း စည်းလုံးနိုင်ရင်ခွန်အားပဲ။ ၁၀ဝ မှာ ၁၀ဝ(ရာခိုင်နှုန်း)ယုံကြည်လို့ရတယ်။ တော်လှန်ရေးလည်း ပိုပြီးခရီးတွင်မယ်လို့ယူဆတယ်။ ပူးပေါင်းနိုင်အောင်လည်း ကျွန်မတို့ အမြဲဆုတောင်းပါတယ်” ဟု ဆိုသည်။

 

ချင်းတိုင်းရင်းသား အားလုံးတို့သည်လည်း အာဏာရှင်စနစ်ဆိုးကို မလိုလားကြသည်မှာ မြန်မာပြည်သူများနည်းတူပင်။

 

ချင်းလူမျိုးတို့သည် တောင်တန်းဒေသတွင် မွေးဖွားကြီးပြင်း၍ တူမီးလက်နက်ဖြင့် အမဲလိုက်ကြသည့် မွေးရာပါ စစ်သားများဟုဆိုရမည်ပင်။

 

ထို့အတူ ချင်းတိုင်းရင်းသားတို့၏ တူမီးသည် စစ်အာဏာရှင်တော်လှန်ရေးခရီး အစ၏ သင်္ကေတတစ်ခုလည်းဖြစ်ခဲ့သည်။

 

တူမီးလက်နက်ဖြင့် အစပျိုးခဲ့သည့် တော်လှန်ရေးအင်အားစုများသည်​ ခေတ်မီလက်နက်ကြီးများ လက်ဝယ်ပိုင်ဆိုင်ထားပြီဟု ထုတ်ဖော်ပြောကြားလာသည်အထိ လက်နက်၊ ခဲ၊ ယမ်းအင်အား တောင့်တင်းလာခဲ့ပြီဖြစ်သည်။

 

သို့ရာတွင် စစ်ပွဲ၏ အဓိကလိုအပ်ချက် လက်နက်အင်အားပြည့်စုံလာသော်လည်း စစ်အင်အားစုစည်းမှုမှာ အချင်းချင်းတိုက်ခိုက်မှုများအကြား သိသိသာသာပင် ပြိုကွဲလျက်ရှိသည်။

 

“အခုချိန်က ချင်းတပ်တွေရဲ့ ပြိုကွဲမှုက ချင်းပြည်သူတွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။ မြန်မာပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အားလုံး စုစုစည်းစည်းနဲ့ ဒီတော်လှန်ရေးကို ဆက်ချီတက်နိုင်ဖို့က ကျွန်တော်တို့ ​ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ပါ” ဟု လေးလေးနက်နက် တောင်းဆိုလာသူက ရန်ကုန်မြို့က ကိုကျော်(အမည်အတိုခေါက်)ဖြစ်သည်။

 

၎င်းသည် တော်လှန်ရေးအောင်မြင်ရေး မြေပြင်တပ်ဖွဲ့များ၊ စစ်ဘေးရှောင်နေရသူများကို တတ်နိုင်သည့်ဘက်မှ လစဉ်ကဲ့သို့ တစ်တပ်တစ်အား ထောက်ပံ့ပေးနေသူတစ်ဦးဖြစ်သည်။

 

ချင်းပြည်က အဖွဲ့များကဲ့သို့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက အဖွဲ့နှစ်ခုသည်လည်း သူတစ်လူ ငါတစ်မင်းဖြင့် ကွဲပြဲနေကြသည်။ ပထမအဖွဲ့က ခေါင်းဆောင်အချို့၏ ရန်ပုံငွေလက်ဝါးကြီးအုပ်သုံးစွဲလိုမှုလောဘကြောင့် ဒုတိယအဖွဲ့သို့ ပထမအဖွဲ့သားများ သွားရောက်ပူးခဲ့ရသည်အထိပင်။

 

“ခုထိ ဒီနှစ်ဖွဲ့က ဒေသတူပေမဲ့ စိတ်ဝမ်းကွဲနေကြဆဲပဲ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးလည်းဖြစ်သည့် ၎င်းက မချိတင်ကဲ ပြောသည်။

 

ထိုကဲ့သို့ ကွဲပြားမှုများကြောင့် စစ်ကိုင်းမြို့နယ်ထဲ ဘုံရန်သူ စစ်ကောင်စီကို တော်လှန်နိုင်ခြင်းမရှိဘဲ စစ်ဆင်ရေးဖော်ဆောင်မှုမှာလည်း အားနည်းလှသည်ဟု ယင်းမြို့နယ်ထဲ ထောက်ပို့တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

 

“(စစ်ကိုင်းတိုင်းအတွင်း)တစ်ရွာထဲ နှစ်ဖွဲ့ဖြစ်လို့ ညှိနှိုင်းရတာတွေ၊ ဘယ်တပ်ရင်းထွက်မလို့၊ ဘာကောင်တွေမလို့နဲ့ အများကြီးပါ” ဟု သူတစ်လူ ငါတစ်မင်းဖြင့် ဗိုလ်လုပ်နေကြပုံကို ထောက်ပို့တပ်သားကြီးက ဆက်ပြောပြသည်။

 

ထိုကဲ့သို့ စစ်မရောက်ခင် မြှားကုန်သည့် ပြိုကွဲမှု အခင်းအကျင်းများက စစ်ကိုင်းတိုင်းနှင့် ချင်းပြည်က ပြည်သူတို့အတွက် မျှော်လင့်ချက်အားလျော့စေခဲ့သည်။

 

ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတစ်ဦးကတော့ မျိုးနွယ်စု အကြောင်းပြု ကိုယ်ကျိုးရှာနိုင်ငံရေးအခင်းအကျင်းကို စိတ်ပျက်လျက်ရှိသည်။

 

“ဒါတွေက ဒီလိုအချိန်မှာ ချင်းမှ မဟုတ်ဘူး။ ဘယ်တိုင်းရင်းသား အဖွဲ့အစည်းမှာမှ မဖြစ်သင့်တော့ဘူး။ တော်လှန်ရေးအတွက်ပဲ အာရုံစိုက် စုစည်းကြဖို့ လိုပြီဗျာ” ဟု အားငယ်နေသံဖြင့် ကိုလင်းက ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် လူငယ်တစ်ဦးအရွယ်သာရှိသေးသည့် ၎င်းသည် တော်လှန်ရေးအောင်မှ အိမ်ပြန်ရမည့်သူတစ်ဦးဖြစ်နေ၍ပင်။

 

“သူတို့​​တော့ မသိဘူး။ ကျွန်တော်ကတော့ AA နဲ့တွေ့ရမှာ​​​တောင် ရှက်တယ်ဗျာ” ဟု ထပ်ဆင့်ဆိုသည်။

 

ကိုလင်း၏ တီးတိုးသံက ဝမ်းနည်း အားငယ်ရိပ်ပြကာ အနည်းငယ် အဖျားခတ် တုန်ခါတိုးလျှိုးသွားသည်။

 

ကိုလင်းသည် ယုံကြည်မှုတစ်ပွေ့တပိုက်ဖြင့် မိဘရင်ခွင်ကိုစွန့်ကာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သူ အသက် ၂၀ ကျော် ပညာတတ်လူငယ်လေးတစ်ဦးဖြစ်သည်။

 

သူ၏ အိမ်အပြန်လမ်းတို့က တော်လှန်ရေးကာလ သုံးနှစ်ကျော်လာသည့်တိုင် ဝေဝါးနေဆဲ။ မှောင်မိုက်နေဆဲ။

 

ကိုလင်းအပါအဝင် ချင်းတိုင်းရင်းသားတို့ အမြင်တွင်တော့ နွယ်စုအကြောင်းပြု သွေးကွဲမှုက ရှက်စရာကောင်း၍ နေသည်။

 

ဤသို့ဆိုလျှင် လတ်တလောတွင် ဦးဆောင်မှုကောင်းကောင်း၊ စုဖွဲ့မှုကောင်းကောင်းနှင့် လက်နက်ကိုင်တော်လှန်ရေးကို အင်အားပြင်းပြင်း ထိုးစစ်ခင်းနေသည့် AA နှင့် နှိုင်းယှဉ်ချိန်ထိုးမည်ဆိုလျှင် တစ်ဗိုလ်ကောင်း တစ်ဖွဲ့ကောင်းလှုပ်ရှား​​ကြသည့် အချို့ PDF အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ တော်လှန်ရေးခရီးကိုလည်း ပြည်သူတို့အတွက် အားရကျေနပ်နိုင်ချေ ရှိနိုင်ပါအံ့နည်း။

 

ချင်းပြည်သူများအပါအဝင် ချင်းနိုင်ငံရေးကျွမ်းကျင်သူ၊ လေ့လာသုံးသပ်သူနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကတော့ ICNCC အစုအဖွဲ့နှင့် Chinland Council အစုအဖွဲ့ဟူ၍ မတူကွဲပြားနေမှုသည် “ပြန်လည်ပေါင်းစည်းမည်” ဟု ယုံကြည်နေကြသည်။

 

“ကျွန်တော်ကတော့ တွေ့ဆုံညှိနှိုင်းလိုက်ရင် မပြေလည်နိုင်စရာ အကြောင်းမရှိဘူးလို့ယူဆတယ်” ဟု ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ ချင်းအရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည့် ဆလိုင်း ဒိုရ်ခါက ပြောသည်။

 

သို့သော် ICNCC နှင့် CC တို့ပူးပေါင်းနိုင်ရေး ချင်းလူထုလှုပ်ရှားမှု(Chin Civil Movement)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအယ်ဒီမှာတော့ စိုးရိမ်ချက်တစ်ခုရှိနေသည်။ “တွေ့ဆုံညှိနှိုင်းကြမယ်လို့တော့ ယုံကြည်ချက်ရှိပါတယ်။ ဒါပေမဲ့ ရလဒ်မထွက်မှာကိုပဲ စိုးရိမ်တာပါ” ဟု ဖွင့်ဟသည်။

 

ထို့ပြင် နှစ်ဖက်ခေါင်းဆောင်များ ပြည်သူ့မျက်နှာထောက်ပေးကြရန်လည်း ဆလိုင်းဒိုရ်ခါနှင့် ကိုအယ်ဒီတို့က တပြိုင်နက်တည်းတောင်းဆိုကြသည်။

 

“ပြည်သူ့မျက်နှာကို ကြည့်တယ်ဆိုရင် တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကနေ ခေါင်းဆောင်တွေအနေနဲ့ ပြေလည်အောင်လုပ်ရမယ်” ဟု ဆလိုင်းဒိုရ်ခါက ဆိုသကဲ့သို့ “အခုလို မတူကွဲပြားနေရင် ခံရမှာက ပြည်သူတွေပဲဖြစ်တဲ့အတွက် ပြည်သူ့မျက်နှာကို ထောက်ချင့်ပြီး ပေါင်းစည်းရေးပြန်လုပ်သင့်တယ်” ဟု ကိုအယ်ဒီက တိုက်တွန်းပြောဆိုသည်။

 

‘သူတလူ ငါတစ်မင်း’၊ အုပ်စုဖွဲ့ ဗိုလ်ကျ သွေးကွဲနေမှုများက ချင်းပြည်အပါအဝင် ကျန်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြားတွင်သာမက အညာဒေသအခြေစိုက် PDF အဖွဲ့အချို့နှင့် ထားဝယ်ဒေသရှိ PDF အဖွဲ့များအကြားတွင်လည်း ခပ်စိပ်စိပ်ကြားနေရသည့် သတင်းတစ်ရပ်ပင်။

 

ထိုသည်က ပြည်သူတို့ နှလုံးနုံးစေသည့် သတင်း၊ တော်လှန်ရေးအတွက် အင်အားချိနဲ့စေသည့် သတင်း။

 

“PDF လူငယ်လေးနှစ်ဦး မီးရှို့အသတ်ခံရတဲ့ ဖြစ်စဉ်ကလည်း ဘယ်အဖွဲ့လက်အောက်မှာမှမရှိဘဲ သီးခြား ရပ်တည်ရတဲ့ အင်အားချိနဲ့တဲ့ ပြဿနာကြောင့်လည်းပါတယ်။ အသက်တွေနဲ့ ရင်းရတဲ့ သင်ခန်းစာတွေပေါ့ဗျာ” ဟု သုံးသပ်လာသူက အာဏာသိမ်းမှုကြောင့် သတင်းမီဒီယာလောကမှ အနားယူခဲ့ရသည့် သတင်းသမားဟောင်းတစ်ဦးဖြစ်သည်။

 

ဤသို့ဆိုလျှင် တစ်ဗိုလ်ကောင်း၊ တစ်ဖွဲ့ကောင်း၊ တစ်နွယ်ကောင်း၊ တစ်မျိုးကောင်း နွယ်စုအကြောင်းပြု၍ ကိုယ်ကျိုးရှာ နိုင်ငံရေးကစားကွက်ကို ရွှေ့ခဲ့လျှင် ပြည်သူမုန်း၍ စစ်ရှုံးမည်က မလွဲ။

 

သို့တည်းမဟုတ် တိုင်းရင်းသားမျိုးနွယ်စုများသာမက ပြည်သူတစ်ရပ်လုံးက စုစုစည်းစည်းညီညီညွှတ်ညွှတ် စုပေါင်းကာ ‘ဘုံရန်သူ အခက်၊ ပြည်သူ အချက်’ မူဖြင့် စစ်ရေးကစားကွက်ရွှေ့ကြမည်ဆိုလျှင်-

 

ပြည်သူချစ်၍ ပြည်သစ်ဆီသို့ ချီရမည်ကအမှန်ပင်။