နျူကလီးယားလက်နက်တွေ ဘယ်လို အလုပ်လုပ်လဲ

Author ဇက်
Categories
Published on Feb 26, 2024

နျူကလီးယားလက်နက်တွေ၊ နျူကလီးယားဗုံးတွေဆိုတာ အားလုံးအတွက် အသစ်အဆန်းမဟုတ်တော့တဲ့ ဝေါဟာရတွေပါ။ ဒါပေမဲ့ အဲဒီလက်နက်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိနားလည်ထားသူတွေကတော့ အတော်လေးကို နည်းပါတယ်။ ဒီအပတ် CJ Platform ရဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာတော့ နျူကလီးယားဆိုတာ ဘာလဲ၊ နျူကလီးယားလောင်စာတွေဆိုတာ ဘယ်လိုလဲ၊ သူတို့ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

 

နျူကလီးယားဆိုတာ ဘာပါလိမ့်?

 

နျူကလီးယားဆိုတာ အင်္ဂလိပ်ဝေါဟာရ Nuclear ကနေ တိုက်ရိုက်မွေးစား သုံးထားတဲ့ စကားလုံးပါ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိသမျှ အရာဝတ္ထုတိုင်းကို အက်တမ်လို့ခေါ်တဲ့ အလွန်အင်မတန် သေးငယ်တဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီအမှုန်လေးတွေရဲ့ အလယ်ဗဟိုမှာ ဝတ်ဆံလေးရှိပါတယ်။ ဒါကို နျူကလိယ(Nucleus)လို့ ခေါ်ပါတယ်။ ဒါကြောင့် နျူကလီးယားဆိုတာ အက်တမ်တွေရဲ့ ဗဟိုဝတ်ဆံနဲ့ ပတ်သက်ဆက်စပ်သမျှကို သုံးတဲ့ ဝေါဟာရပေါ့။

 

ဒါဆိုရင် နျူကလီးယားလက်နက်ကရော?

 

နျူကလီးယားလက်နက်တွေဆိုတာ အဲဒီအလွန်အင်မတန်သေးငယ်တဲ့ အမှုန်လေးတွေရဲ့ ကကြိုးစင် လှုပ်ရှားမှုတွေအပေါ် အခြေခံပြီး အလုပ်လုပ်တဲ့ လက်နက်ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အက်တမ်ဆိုတဲ့ အမှုန်လေးရဲ့ ဝတ်ဆံ ပြိုကွဲတဲ့အခါမှာ စွမ်းအင်ထွက်ပါတယ်။ ပြိုကွဲရုံနဲ့တင် စွမ်းအင်ထွက်တာမဟုတ်ဘဲ အက်တမ်နှစ်ခုရဲ့ ဗဟိုဝတ်ဆံတွေအချင်းချင်း ပေါင်းစည်းသွားရင်လည်း စွမ်းအင်အမြောက်အမြား ထွက်ပြန်ပါတယ်။ နျူကလီးယားလက်နက်တွေဆိုတာ အဲဒီစွမ်းအင်တွေကိုသုံးပြီး ပေါက်ကွဲမှုဖြစ်စေတာပါ။

 

ပြိုကွဲမှုနဲ့ ပေါင်းစည်းမှုကို နားလည်ဖို့

 

အဲဒီ နျူကလီးယားတွေ ပေါင်းစည်းမှုနဲ့ ပြိုကွဲမှုဖြစ်စဉ် နှစ်ခုလုံးကို နျူကလီးယားဓာတ်ပြုမှုတွေလို့ ခေါ်ပါတယ်။ ပြိုကွဲတာကို ဖစ်ရှင်(Fission)လို့ ခေါ်ပြီး ပေါင်းစည်းတာကိုတော့ ဖျူရှင်(Fusion)လို့ ခေါ်တာပေါ့။

 

အက်တမ်အမှုန်ငယ်လေးတွေရဲ့ ဖွဲ့စည်းမှုက အလယ်ဗဟိုမှာ နျူကလိယလို့ခေါ်တဲ့ ဝတ်ဆံလေးရှိပြီး ဘေးပတ်လည်ကနေ အီလက်ထရွန်လို့ခေါ်တဲ့ အမှုန်လေးတွေက လှည့်ပတ်နေတာပါ။ အဲဒီဝတ်ဆံလေးကိုတော့ ပရိုတွန်နဲ့ နျူထရွန်ဆိုတဲ့ အမှုန်ငယ်လေးတွေနဲ့ ထပ်ဖွဲ့စည်းထားပြန်ပါတယ်။ အက်တမ်တွေရဲ့ ဝတ်ဆံအများစုက တည်တည်ငြိမ်ငြိမ်ပဲ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ တချို့ အက်တမ်တွေရဲ့ ဝတ်ဆံလေးတွေကတော့ မတည်ငြိမ်ကြပါဘူး။ အဲဒီမတည်ငြိမ်တဲ့ ဒြပ်စင်တွေထဲမှာ ယူရေနီယမ်တို့လို သတ္ထုတွေလည်း ပါဝင်ပါတယ်။

 

ဖစ်ရှင်ဖြစ်စဉ်ဆိုတာ အက်တမ်တွေရဲ့ ဝတ်ဆံကို နျူထရွန်အမှုန်လေးနဲ့ ပစ်တိုက်ပြီး မူလ အက်တမ်အကြီးကနေ အသေးနှစ်ခုကို ခွဲထုတ်ပစ်လိုက်တာမျိုးပါ။ အဲဒီလို ပစ်တိုက်ပြီး ခွဲတဲ့လုပ်ငန်းစဉ်တိုင်းမှာ စွမ်းအင်ပမာဏတစ်ခု ထွက်ပါတယ်။ ယူရေနီယမ်အက်တမ်က အရွယ်အစား အတော်ကြီးသလို တည်ငြိမ်မှုလည်း မရှိပါဘူး။ ဒါကြောင့် သူဟာ ဖစ်ရှင်ဓာတ်ပြုမှု ကောင်းကောင်းဖြစ်နိုင်တာပေါ့။ လက်ရှိ ကမ္ဘာပေါ်မှာ ရှိသမျှ နျူကလီးယားလက်နက်တွေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို အများစုက အဲဒီဖစ်ရှင်ကို အခြေပြုပြီးပဲ အလုပ်လုပ်ကြတာပါ။ အဲဒီလို ဖစ်ရှင်ပြိုကွဲမှုတွေ ပမာဏအများကြီးဖြစ်တဲ့အခါမှာ စွမ်းအင်တွေလည်း အများကြီး ထွက်ပါတယ်။ မြင်သာအောင် ပြောရရင် နျူကလီးယား လောင်စာ တစ်ကီလိုမှာတောင် ပါတဲ့ အက်တမ်ပမာဏက ဘီလီယမ်၊ ထရီလီယမ်ချီ ရှိတာမလို့ အဲဒီအက်တမ်တွေကိုသာ ဓာတ်ပြုမှုဖြစ်အောင် လုပ်နိုင်ရင် အတော်များတဲ့ စွမ်းအင်ပမာဏ ထွက်လာမှာပေါ့။

 

ဖျူရှင်ကကျတော့ အပေါ်က ဖစ်ရှင်နဲ့ ပြောင်းပြန်ဖြစ်သွားပါတယ်။ သူက အက်တမ်အကြီးကနေ အသေးနှစ်ခုကို ခွဲထုတ်တာ မဟုတ်ဘဲ အသေးနှစ်ခုကို ပေါင်းပြီး အကြီးရအောင် လုပ်တာပါ။ အဲဒီလို အသေးနှစ်ခုပေါင်းစည်းတဲ့ အခါမှာ ထွက်တဲ့စွမ်းအင်ပမာဏကတော့ ခုနက ဖစ်ရှင်ထက် အတော်လေးပိုများပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး အက်တမ်ငယ်လေးတွေရဲ့ နျူကလိယကို ပေါင်းစည်းအောင် ဆောင်ရွက်နိုင်ဖို့က အတော်လေး ခဲယဉ်းပါတယ်။ ဖျူရှင်ဓာတ်ပြုမှုဖြစ်ဖို့ လိုအပ်တဲ့အပူချိန်နဲ့ ဖိအားပမာဏက အတော်လေးများတာကြောင့်ပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ အဲဒီနည်းစနစ်ကို သုံးပြီး စွမ်းအင်ထုတ်လုပ်နိုင်စွမ်း မရှိသေးတာပါ။ ဒါပေမဲ့ နျူကလီးယားလက်နက်တွေမှာတော့ အဲဒီဖျူရှင်ကို ဖစ်ရှင်နဲ့အတူ တွဲသုံးကြပါတယ်။

 

နျူကလီးယားလောင်စာတွေဆိုတာကရော?

 

အဲဒီနျူကလီးယားလက်နက်တွေထဲမှာ ဘယ်လိုလောင်စာကို ထည့်သုံးကြမလဲဆိုတာ ပညာရှင်တွေ အချိန်တော်တော်ကြာကြာ ခေါင်းစားခဲ့ကြတဲ့ ပြဿနာတစ်ရပ်ပါ။ သုံးမယ့်လောင်စာဟာ အတော်လေးလံပြီး ဖြိုခွဲရလွယ်အောင်လည်း မတည်မငြိမ်ဖြစ်နေရမယ်။ ပြိုကွဲတဲ့အခါမှာလည်း မူလအက်တမ်အကြီးထဲကနေ နျူထရွန်တွေ ထွက်ရမယ်။ ဘာလို့ ထွက်ဖို့လိုအပ်တာလည်းဆိုရင်တော့ အဲဒီကနေ နျူထရွန်ထွက်မှ ထွက်လာတဲ့ နျူထရွန်လေးတွေက ဘေးနားမှာရှိတဲ့ တခြားအက်တမ်ဝတ်ဆံတွေကို ဆက်တိုက်နိုင်မှာမလို့ပါ။ အဲဒီလို ဆက်တိုက်ရင်းတိုက်ရင်း ပြိုကွဲရင်းနဲ့မှ နျူကလီးယားကွင်းဆက်ဓာတ်ပြုမှုတစ်ခု ပေါ်ပေါက်မှာပေါ့။ အဲဒီလို ဂုဏ်သတ္တိတွေရှိတဲ့ ဒြပ်စင်တွေက ယူရေနီယမ်နဲ့ ပလူတိုနီယမ်တို့ပါ။

 

ယူရေနီယမ်ဒြပ်စင်တိုင်းကတော့ ဖစ်ရှင်မဖြစ်နိုင်ပါဘူး။ ယူရေနီယမ်ဒြပ်စင်ကိုမှ ယူရေနီယမ်-၂၃၅ ဆိုတဲ့ အိုင်ဆိုတုပ်ဒြပ်စင်ကမှ ဖစ်ရှင်ဖြစ်စေနိုင်တာပါ။ အိုင်ဆိုတုပ်ဆိုတာ ဒြပ်စင်တစ်ခုရဲ့ အမျိုးကွဲတွေပေါ့။ အကုန်လုံး တူညီပေမဲ့ နျူကလိယထဲမှာပါတဲ့ နျူထရွန်အမှုန် အရေအတွက်ပဲ ကွဲသွားတာမျိုးပါ။ ဒါဆိုရင် ဘာလို့ ယူရေနီယမ်-၂၃၅ ကိုမှ သုံးရတာလဲ၊ ကျန်တဲ့ ယူရေနီယမ်မျိုးကွဲတွေကိုရော သုံးလို့ မရဘူးလား။

 

စွမ်းအင်ထုတ်ဖို့အတွက် ဖစ်ရှင်ဖြစ်နိုင်တဲ့ ဒြပ်စင်တွေက အရမ်းကြီးတော့ မနည်းပါဘူး။ ဒါပေမဲ့ အဲဒီထဲက ဒြပ်စင်တချို့ကိုပဲ နျူကလီးယားလက်နက်တွေမှာ သုံးပါတယ်။ ယူရေနီယမ်-၂၃၅ နဲ့ ပလူတိုနီယမ်-၂၃၉ ပေါ့။ ပလူတိုနီယမ်က လူလုပ်ဒြပ်စင်ဖြစ်ပြီး ယူရေနီယမ်ကတော့ သဘာဝမှာ တွေ့နိုင်ပါတယ်။

 

ယူရေနီယမ်သတ္ထုရိုင်းတွေကို ကမ္ဘာပေါ်က နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။ အားလုံးသိကြသလိုပဲ မိုင်းတွင်းတွေကနေ တူးဖော်ထုတ်ယူတာပါ။ ဒါပေမဲ့ လက်နက်ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ယူ-၂၃၅ ကတော့ အတော်လေးရှားပါတယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှယူရေနီယမ်သတ္ထုရိုင်းတွေ အကုန်လုံးကို တူးထုတ်ပြီး ပမာဏပေါင်းကြည့်ရင် အဲဒီသတ္ထုရိုင်းတွေ အားလုံးရဲ့ (၁)ရာခိုင်နှုန်းပတ်ဝန်းကျင်ကပဲ ယူ-၂၃၅ ပါ။ ဂဏန်းအတိအကျနဲ့ ပြောရရင် ဝ ဒသမ ၇ ရာခိုင်နှုန်းကပဲ ၂၃၅ ပေါ့။ ယူရေနီယမ် သတ္ထုရိုင်း တော်တော်များများမှာ တွေ့ရတဲ့ အိုင်ဆိုတုပ်က ယူ-၂၃၈ ပါ။ ဒါပေမဲ့ အဲဒီ ၂၃၈ တွေကကျတော့ လက်နက်တစ်ခုဖြစ်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ပြုမှု (Nuclear fission)ကို မဖြစ်စေပြန်ဘူး။ အဲဒီအခါမှာ ရှိတဲ့လောင်စာကြမ်းတွေကိုပဲ ယူ-၂၃၅ ပါဝင်မှုများအောင်လို့ စစ်ထုတ်၊ သန့်စင်ပြီး အသွင်ပြောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုကို လုပ်ရပါတယ်။ အဲဒါကို ‘Enrichment’ လို့ ခေါ်ပါတယ်။ ရှိထားပြီးသား သတ္ထုတွေထဲ ယူ-၂၃၅ အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက် ပါဝင်အောင်ကို လောင်စာဓာတ်တိုးရပါတယ်။ အဲဒီ လောင်စာဓာတ်တိုးတဲ့ လုပ်ငန်းစဉ်က နည်းပညာပိုင်းအရ အခက်ခဲဆုံးဖြစ်ပြီး ငွေကုန်ကြေးကျ အတော်များသလို အချိန်လည်း အင်မတန်ယူပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မှပဲ နျူလက်နက်တွေ ဖန်တီးနိုင်တာပါ။

 

နျူကလီးယား လက်နက်တွေ ထုတ်လုပ်တဲ့အခါမှာ အထဲမှာ ထည့်ရတဲ့ လောင်စာပမာဏတစ်ခုရှိပါတယ်။ အဲဒီလောင်စာပမာဏရှိမှ ဖစ်ရှင်လုံလုံလောက်လောက်ဖြစ်ပြီး လိုချင်တဲ့အဖျက်အားကို ရအောင်ပေါ့။ ဘယ်လိုလက်နက် ထုတ်မလဲဆိုတာအပေါ် မူတည်ပြီး ထည့်ရတဲ့ပမာဏက ကွဲသွားပါတယ်။ ပြီးရင် ဘယ်လောင်စာအမျိုးအစားကို ထည့်မလဲဆိုတာအပေါ်လည်း မူတည်သေးတာပေါ့။ ယူရေနီယမ်က အတော်လေး ရှားပါးတာကြောင့် ယူရေနီယမ်သုံးပြီးသာ လက်နက်ထုတ်ရမယ်ဆို လောင်စာဓာတ်တိုးရတဲ့အဆင့်က အတော်လေးကို အကုန်အကျများမှာပါ။ ဒါပေမဲ့ ဖြေရှင်းနည်းတစ်ခုရှိပါတယ်။ အဲဒါက ပလူတိုနီယမ်ပါ။

 

ပလူတိုနီယမ်ကို သဘာဝမှာ မတွေ့ရပါဘူး။ သူက လူတွေ ဖန်တီးထားတဲ့ဒြပ်စင်လို့ ဆိုလို့ရပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ယူ-၂၃၈ ထဲကို နျူထရွန်တစ်လုံးလောက်သာ အသစ်ဝင်လာမယ်ဆိုရင် ယူရေနီယမ်-၂၃၉ ကို ရပါတယ်။ ယူ-၂၃၉ က အတော်လေးမတည်ငြိမ်တဲ့အတွက် ပြိုကွဲတဲ့အခါမှာ ပလူတိုနီယမ်-၂၃၉ ဖြစ်သွားတာပေါ့။ ပလူတိုနီယမ်-၂၃၉ က ယူရေနီယမ်လောက် ခွဲထုတ်သန့်စင်ရ မခက်ခဲပါဘူး။ ပြီးရင် အကုန်အကျလည်း အတော်လေးသက်သာပြီး သာမန်ဓာတ်ပေါင်းဖိုတွေထဲမှာတင် ထုတ်လုပ်နိုင်လို့ နျူကလီးယားလက်နက်တွေအတွက် အတော်လေးအဆင်ပြေတဲ့ လောင်စာပဲ။ အပေါ်မှာ ပြောခဲ့သလို ဓာတ်ပြုမှုဖြစ်နိုင်ဖို့ လိုတဲ့လောင်စာပမာဏကိုလည်း သူက လျှော့ချပေးနိုင်တယ်။ ယူရေနီယမ် ကီလို ၅၀ လောက်သုံးမှ ရမယ့်နေရာမှာ ပလူတိုနီယမ် ၁၀ ကီလိုလောက် သုံးရုံနဲ့တင် တူညီတဲ့ အဖျက်အားကို ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ခေတ်သစ်နျူလက်နက်တွေမှာ ပလူတိုနီယမ်ကို တိုးမြှင့်သုံးစွဲလာကြတာပေါ့။

 

နျူလက်နက်တွေက ဘယ်လိုအလုပ်လုပ်သလဲ?

 

လက်နက်အမျိုးအစားပေါ် မူတည်ပြီး အသေးစိတ် အဆင့်တွေကတော့ ကွဲပေမဲ့ အခြေခံအလုပ်လုပ်ပုံချင်းကတော့ တစ်ထပ်တည်းပါပဲ။ ခေတ်သစ် သာမိုနျူကလီးယားလက်နက်တွေ မတိုင်ခင် စစ်အေးကာလအစောပိုင်းမှာ ထုတ်လုပ်ခဲ့ကြတဲ့ လက်နက်တွေရဲ့ အလုပ်လုပ်ပုံက ဖစ်ရှင်အခြေပြုပါ။ အဲဒီဗုံးရဲ့ ဗဟိုမှာ ပလူတိုနီယမ်၊ ဒါမှမဟုတ် ယူရေနီယမ်လောင်စာ ထည့်ထားပြီး ပတ်လည်ကနေ ဓာတုနည်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ ဒြပ်တွေ ထည့်ထားပါတယ်။ ဗုံးပေါက်တော့မယ်ဆိုရင် အဲဒီ ဓာတုဒြပ်တွေက အရင် စပေါက်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် လောင်စာဝတ်ဆံက ဖိသိပ်ခံရပါတယ်။ လိုအပ်တဲ့ဖိသိပ်မှု အတိုင်းအတာတစ်ခုရောက်သွားရင် ဖစ်ရှင်စဖြစ်ပေါ်ပြီး အတော်လေးပြင်းတဲ့ စွမ်းအင်ပမာဏထွက်လာတာပေါ့။

 

ခေတ်သစ် နျူကလီးယားထိပ်ဖူးတွေကတော့ အပေါ်မှာပြောခဲ့သလိုနဲ့ ကွဲသွားပါတယ်။ ဒီဘက်ခေတ်မှာ တွေ့ရတဲ့ လက်နက်တွေကို သာမိုနျူကလီးယားလက်နက်တွေလို့ ခေါ်ဝေါ်ပါတယ်။ ဟိုက်ဒြိုဂျင်ဗုံးတွေလို့လည်း သိကြပါတယ်။ သူက ဖစ်ရှင်အသားပေးနည်းနဲ့ ပေါက်ကွဲတာ မဟုတ်ဘဲ ဖျူရှင်(Fusion)လို့ခေါ်တဲ့ နျူကလိယပေါင်းစည်းခြင်းနဲ့ သွားတာပါ။ အဲဒီလက်နက်တွေ အဆင့်နှစ်ဆင့်နဲ့ အလုပ်လုပ်ပါတယ်။

 

ပထမဆုံးက သမရိုးကျနည်းနဲ့ ဖစ်ရှင်ကို စလိုက်ပါတယ်။ အဲဒီဖစ်ရှင်ဓာတ်ပြုမှုကနေ ဖြစ်လာတဲ့စွမ်းအင်ကို အခြေခံပြီးတော့မှ ဖျူရှင်ဓာတ်ပြုမှုကို ရအောင်လုပ်တာပါ။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ၊ ဖျူရှင်ဆိုတာ သမရိုးကျ အခြေအနေမှာ ဆောင်ရွက်နိုင်ဖို့ ခဲယဉ်းပြီး အပူချိန် ဒီဂရီ တန်မီလီယမ်ချီတဲ့ အခြေအနေမှာမှ ဖြစ်ပေါ်နိုင်တာပေါ့။ အဲဒီလို အခြေအနေကို ဖစ်ရှင်ပေါက်ကွဲမှုကနေ ရနိုင်ပါတယ်။ အဲဒီလို ဖစ်ရှင်ပေါက်ကွဲမှုကို ဆောင်ရွက်ဖို့ ပလူတိုနီယမ်ကို အဓိက သုံးကြပါတယ်။ ဖစ်ရှင်ပေါက်ကွဲမှုက ဖျူရှင်အဆင့် ဆက်ဖြစ်စေဖို့ နှိုးဆွပေးလိုက်တာမျိုးပေါ့။ ဖျူရှင်လောင်စာအနေနဲ့က Lithium deuteride ကို သုံးပါတယ်။ ဟိုက်ဒြိုဂျင် ဒြပ်စင် မျိုးကွဲပါပဲ။ အဲဒီလောင်စာထဲက နျူကလိယတွေအချင်းချင်း ပေါင်းစည်းရင်းနဲ့မှ ခုနက ဖစ်ရှင်ထက် အဆရာချီ ထောင်ချီ ပိုပြင်းတဲ့ ဖျူရှင်အဆင့်ကို ဆက်ပေါ်ပေါက်စေပါတယ်။

 

အဲဒီကွင်းဆက်ဓာတ်ပြုမှု သုံးခုလုံး လုံလုံလောက်လောက်ပြီးမြောက်ဖို့ စက္ကန့်ပိုင်းလေးပဲကြာပြီး မိနစ်ပိုင်းအတွင်းမှာတင် ကမ္ဘာတစ်ခြမ်းလောက်ကို မီးလောင်ပြာကျသွားစေနိုင်လောက်တဲ့အထိ အဖျက်စွမ်းအားရှိပါတယ်။

 

မြင်သာအောင်ပြောရရင် ဒုတိယကမ္ဘာစစ်အတွင်းမှာ သုံးခဲ့သမျှ လက်နက်တွေ၊ ဂျပန်ပေါ် ကြဲချခဲ့တဲ့ အဏုမြူဗုံးတွေအားလုံးရဲ့ အဖျက်အားပမာဏကို ပေါင်းရင်တောင် ဒီနေ့ခေတ် သာမိုနျူကလီးယားထိပ်ဖူးတစ်ခုရဲ့ အဖျက်စွမ်းအားကို မမီပါဘူး။

 

ဒီလောက်ဆိုရင်တော့ နျူကလီးယားလက်နက်တွေ ဘယ်လို၊ ဘယ်ပုံ အလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်း သိရှိသဘောပေါက်သွားကြပြီလို့ ထင်ပါတယ်။ နောက်တစ်ပတ်မှာ ပြန်ဆုံပါမယ်။