နေ့စဥ် လျှပ်စစ်မီး မရှိမှုကြောင့် နေ့စားလုပ်သမားများ အလုပ်လက်မဲ့ဖြစ်လာ

Author ကိုပေါက်
Categories
Published on Apr 26, 2023

ရန်ကုန်မြို့တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုများကြောင့် မြို့နယ် ဆင်ခြေဖုံး ရပ်ကွက်များမှာရှိသည့် နေ့စားအလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်လယရသည်ဟု မြို့ ခံများထံက သိရသည်။

နေ့စဥ်လျှပ်စစ်မီးပြတ်တောက်မှုမှာ အချိန်တိကျမှုမရှိတာကြောင့် လုပ်ငန်းခွင်သို့ လာရောက်သော်လည်း အလုပ်မလုပ်ရဘဲ ထမင်းဖိုးဖြင့် နေအိမ်ပြန်လာရပြီး နောက်ရက်တွင် အလုပ်မလုပ်တော့ရကြောင်း သံပန်းသံတံခါး အလုပ်သမားတစ်ဦးက CJ Platform ကိုပြောသည်။

“အခုမီးက ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ်ဆို တာ အတိအကျမရှိဘူး လာချင်လာတယ် မလာချင်မလာဘူး၊ အလုပ်ထဲရောက်ပြီး အလုပ်မလုပ်ရဘူး မီးမလာလို့ နေ့တစ်ဝက်ပဲရတယ် ၊အသွားအပြန် လမ်းစရိတ်နဲ့ အိမ်ကို သုံးထောင်ပဲပြန်ပါတယ် အခု အလုပ်မလုပ်ရတော့ဘူး”ဟု ပြောသည်။

လျှပ်စစ်မီးကို အားထား၍ အလုပ်လုပ်ကိုင်နေရသည့် ဝရိန် သမားများမှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်၍ လုပ်ငန်းမပြီးမြောက်တာကြောင့် လက်ခံထားသည့် လုပ်ငန်းအချို့ကို အလုပ်ရှင်များထံ လုပ်ငန်းပြန်အပ်ရသည်ဟု ပုတ်ပြတ်လုပ်ငန်း လုပ်ကိုင်သူ အလုပ်သမားခေါင်းဆောင်တစ်ဦးက CJ Platform ကိုပြောသည်။

“ကိုယ်နဲ့သိတဲ့သူက အလုပ်လေးပေးလို့ အလုပ်ရတယ် လူ ငါးယောက်လောက်စုပြီး လုပ်တယ်၊ မီးလာတဲ့အချိန်က နည်းတော့ နေ့တွက်မကိုက်ဘူး၊ ပြောရရင် သုံးရက်လုပ်ရမဲ့ အလုပ်က တစ်ပတ်လောက်လုပ်ရတယ် မကိုက်ဘူး၊ မီးစက်နဲ့ မောင်းလုပ်ရအောင်လည်း လုပ်ငန်းအကြီးကြီး မဟုတ်တော့ လုပ်မရဘူး အချို့အလုပ်တွေဆို ပြန်အပ်လိုက်ရတယ် မီးကြောင့်”ဟု ပြောသည်။

သံပန်း သံတံခါး လုပ်ငန်းများအပြင် ရေခဲထုပ် ၊ရေခဲချောင်း လုပ်ငန်းများမှာလည်း လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ဆီဖိုးမတက်နိူင်၍ မီးစက်များ အသုံးမပြုနိုင်တာကြောင့် လုပ်ငန်းရပ်နားမှုများ ရှိလာပြီး တဆင့်ယူ၍ ရောင်းချသူများပါ အလုပ်မဲ့ ဖြစ်လာရသည်ဟု ရေခဲထုပ်ရောင်းချသူတစ်ဦးက CJ Platform ကိုပြောသည်။

“မြောက်ဥက္ကလာမှာ မီးပျက်တာ ဘယ်လောက်များလဲ ဆိုတော့ ရေခဲစက်တောင် ပိတ်သွားတယ် တဆင့် ပြန်ယူရောင်းနေတဲ့သူ ဆယ်ဦးလောက် အလုပ်မဲ့သွားတယ်”ဟု ပြော သည်။

ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းအနေဖြင့် လျှပ်စစ်ဓာတ်အားကို ထိန်းညှိနိူင်ခြင်းမရှိသည့်အပြင် ဓာတ်အားများလိုအပ်နေ၍ ဆိုလာစနစ်အသုံးပြုကာ လုပ်ငန်းလည်ပတ်နေသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှပါ ပြန်လည်ဝယ်ယူရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ကြေညာထားသည်။

ယခင် အရပ်သား အစိုးရလက်ထက်တွင် လူမှုရေး ၊စီးပွားရေး ၊ပညာရေး၊ ကျန်မာရေးစသည့် လူမှုဘဝပြသာနာများ မရှိသော်လည်း စစ်ကောင်စီလက်ထက်တွင် အဖက်ဖက်က ယိုယွင်းပျက်စီးနေသည်ဟု စစ်ကောင်စီထံ နိုင်ငံရေးပါတီ မှတ်ပုံတင်ခဲ့သည့် ပါတီတစ်ခုမှ ခရိုင်အဆင့် အလုပ်အမှုဆောင်တစ်ဦးက ဆိုသည်။

“အရင်က အစိုးရကိုပဲ အပြစ်တင်ချင်တယ် အရင်လက်ထက်က မီးကိုပုံမှန်ပေးခဲ့တော့ စစ်တပ်လက်ထက်ရောက်တော့ မနေတက်တော့ဘူး အာဏာလိုချင်လို့ အာဏာသိမ်းရင် မီးကိုပဲ အရင်ရအောင်လုပ် အကြီးကြီးတွေမပြောနဲ့ ကြာရင်လူထုက မီးတိုက်ပွဲတွေ ဆန်အရေးအခင်းတွေ လာတော့မယ်”ဟု ၎င်းက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် နေ့စဥ် နေအိမ်ဖောက်ထွင်းခံရမှု ၊လုယက်မှုများကို ကြုံတွေ့နေရပြီး ကုန်စျေးနှုန်းကြီးမြင့်မှု၊ အိမ်သုံးဆေးဝါးစရိတ် ကြီးမြင့်မှုများအပြင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေကြောင့် ပြည်သူအများစု အလုပ်လက်မဲ့များ ဖြစ်လာပြီး စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။
#CJPlatform #ရန်ကုန်မြို့ #လျှပ်စစ်မီး #အခြေခံလုပ်သား #အလုပ်လက်မဲ့