နောင်ချိုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တပ်စခန်းတချို့ကို TNLA ထိန်းချုပ်ထားနိုင်

Author ခေတ်နီ
Categories
Published on Oct 30, 2023

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း တချို့ကို TNLAမှ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း TNLAစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနှင့် မန္တလေးPDFတို့မှ သိမ်းပိုက်ပြီးနောက်ပိုင်း အဆိုပါ တပ်စခန်းအပါဝင် နောင်ချိုမြို့နယ်အတွင်းရှိ စစ်စခန်းတချို့ကို TNLAဖက်မှ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

“ထိန်းနိုင်တယ်ဆိုတာက အနီးအနားက တပ်စခန်းတွေကို သိမ်းနိုင်ခဲ့တာ တချို့က တပ်စခန်းတွေထားပြီး ထွက်ပြေးတာ”ဟု TNLAစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

 

လက်ရှိတွင် TNALတပ်ဖွဲ့များ အနေဖြင့် မြို့အနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားနေပြီး လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် နောင်ချိုမြို့အား မဟာမိတ်တပ်များမှ သိမ်းဆည်းနိုင်ကြောင်း သတင်းများနှင့်ပတ်သက်၍လည်း TNLAပြန်ကြားရေးဌာနဖက်မှ ယခုကဲ့သို့ ဖြေကြားထားသည်။

 

“လက်ရှိကတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲပဲလို့ သိထားတယ်၊ အသေးစိတ်ကတော့ ကျွန်မတို့ မရသေးဘူးပေါ့လေ ဆရာတာအိုက်ကျော်နဲ့ ဆရာတာပန်လတို့လည်း လိုင်းမရတဲ့နေရာကို ရောက်နေတာမို့ သူတို့ပြန်လာမှပဲ သေချာဖြေကြားပေးနိုင်ပါမယ်”ဟု ပြန်ကြားရေးဌာနမှ ဆိုသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ အခြေစိုက်ရာနေရာများကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်းတပ်မတော် (TNLA)တို့မှ စစ်ဆင်ရေး ၁၀၂၇ အဖြစ် ကြေညာပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ကာ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေခြင်း ဖြစ်သည်။

 

အဆိုပါ စစ်ဆင်ရေး ၁၀၂၇ တိုက်ပွဲများသည် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများသာမက စစ်ကိုင်းတိုင်း ထီးချိုင့်ဒေသအထိပါ ပျံ့နှံ့လာနေပြီး စစ်ဆင်ရေး သုံးရက်တာအတွင်း စစ်ကောင်စီတပ်၏ စစ်စခန်းပေါင်း  ၆၇ ခုအထိ သိမ်းဆည်းရမိခဲ့ပြီးဖြစ်ကြောင်းလည်း MNDAAမှ ထုတ်ပြန်ထားသည်။