နောက်တန်းတပ်ရင်းများရှိ တပ်မိသားစုများမှ အသက် (၅၀)အထက် မိသားစုဝင်များပါ စစ်ရေးလေ့ကျင့်နေရ၊ ဒရုန်းဖြင့်ဗုံးကြဲခံရပါက ရှောင်ပုန်းရန် နည်းလမ်းများပါ သင်ကြားပေးနေ

Author စကားဝါ
Categories
Published on Nov 22, 2023

စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများနှင့် တပ်ရင်း၊ တပ်မများတွင် နေထိုင်နေသည့် တပ်မိသားစုဝင်များ အားလုံးကို နေ့စဉ် စစ်ရေးလေ့ကျင့်ပေးနေပြီး အသက် (၅၀)အထက် သက်ကြီးရွယ်အိုများပါ စစ်ရေးလေ့ကျင့်ခိုင်းနေကြောင်း CJ Platform ၏ တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

နောက်တန်းတပ်ရင်းများတွင် နေ့စဉ် အသက်(၅၀) အထက် သက်ကြီးရွယ်အိုများမှာ ညနေ ၄နာရီချိန်တိုင်း စစ်ရေးလေ့ကျင့်ခိုင်းပြီးနောက်၊ လက်နက်များကိုင်ဆောင်ကာ တပ်တွင်း တစ်ပတ်ပြေးကာ လေ့ကျင့်ရကြောင်း၊ အသက်(၅၀)အထက် သက်ကြီးရွယ်အိုများ အဖွဲ့ပြီးပါက အသက် (၅၀)အောက် အမျိုးသမီးအဖွဲ့၊ အသက် (၅၀) အောက် အမျိုးသားအဖွဲ့ဟုဆိုကာ ကလေးငယ်များပါ မကျန် စစ်ရေးလေ့ကျင့်နေစေလျက်ရှိကြောင်း သိရသည်။

 

“ရုံးအဖွဲ့တွေပါ မကျန်ဘူး အကုန်စစ်ရေးလေ့ကျင့်ရတယ်၊ ကလေးတွေရောပဲ၊ ဒရုန်းတွေလာရင် ဘယ်လိုရှောင်ပုန်းမလဲဆိုတာလည်း နေ့တိုင်းလေ့ကျင့်ရတယ်၊ ရှေ့တန်းထွက်ဖို့က အခုဆို မဲနှိုက်ပြီးတော့ တပ်သားမဟုတ်သူတွေကိုပါခေါ်တာ မိန်းမတွေဆိုရင် အော်ကြီးဟစ်ကျယ်ငိုလို့ အပြစ်ပေးခံရတာတွေရှိတယ်၊ညဆိုလည်း ဘုရားရှိခိုးခိုင်းသေးတယ်”ဟု CJ Platform ၏ တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

 

တော်လှန်ရေးအင်အားစုများ ထိုးစစ်စတင်ပြီးနောက် အထိနာနေလျှက်ရှိနေသည့် တပ်တွင်း လူသားအရင်းအမြစ်များစွာ ဆုံးရှုံးခြင်း၊ စိုးမိုးနယ်မြေများ ဆုံးရှုံးခြင်းများစွာ ကြုံတွေ့လာရပြီးနောက် တပ်မိသားစုဝင် အမျိုးသမီးများပါ မကျန် အင်အားစုဆောင်းနိုင်ရန် လုပ်ဆောင်နေလျက်ရှိနေသည်။

Related News

Depend on news