နောက်ဆုံးမျှော်လင့်ချက်၊ နောက်ဆုံးအိပ်မက်အတွက် တိုက်ပွဲဝင်မယ့် လီယွန်နယ် မက်ဆီ

Author မောင်ရှမ်း
Categories
Published on Nov 30, 2022

ကြာသပတေးနံနက် ၁ နာရီ ၃၀ မိနစ်မှာကစားမယ့် ပိုလန်နဲ့ အာဂျင်တီးနားတို့ရဲ့ပွဲစဉ်ကတော့ မက်ဆီရဲ့ ကစားသမားဘဝမှာ အရေးအပါဆုံးပွဲစဉ်တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာသာ အနိုင်မရခဲ့ဘူးဆိုရင် အာဂျင်တီးနားအနေနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရနိုင်တဲ့အခြေအနေဖြစ်နေလို့ပါပဲ။ ဒီကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလား၊ နောက်ဆုံးမျှော်လင့်ချက်၊ နောက်ဆုံးအိပ်မက်လည်းဖြစ်ပါတယ်။

အာဂျင်တီးနားဟာ အဖွင့်ပွဲမှာ ဆော်ဒီအာရေဗျကို မက်ဆီရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၂-၁ နဲ့ ရှုံးနိမ့်ထားခဲ့ပြီး ဒုတိယပွဲမှာတော့ မက္ကဆီကိုအသင်းကို ၂-၀ နဲ့ ပြန်လည်အနိုင်ရကာ ၃ မှတ်ရထားတာပါ။ ဒီညမှာ ရင်ဆိုင်ရမယ့် ပိုလန်ကတော့ ၂ ပွဲမှာ ၄ မှတ်ရထားတဲ့အတွက် ဒီပွဲမှာ အာဂျင်တီးနားကို သရေခံကစားရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ပိုလန်အသင်းကလည်း ကစားသမားကောင်းများစွာ ပါဝင်နေပြီး လီဝန်ဒေါစကီးလို တိုက်စစ်မှူးရှိနေတဲ့အတွက် အားနည်းချက်တွေရှိနေတဲ့ အာဂျင်တီးနားနောက်တန်းအတွက်တော့ စိုးရိမ်စရာပါ။ မက်ဆီကတော့ သူပါဝင်ကစားခဲ့တဲ့ ရှေ့က ကမ္ဘာ့ဖလား ၄ကြိမ်လုံးမှာ အုပ်စုအဆင့်ကနေ ထွက်ခွာရခြင်းမရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ဖို့အတွက် ကြိုးစားမှာဖြစ်သလို နောက်ဆုံးမျှော်လင့်ချက်တစ်ခုအတွက် အဆုံးစွန်ထိ တိုက်ပွဲဝင်လာမှာဖြစ်လို့ အာဂျင်တီးနားတို့ နိုင်ပွဲယူပြီး နောက်တစ်ဆင့်တက်သွားမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပြီဖြစ်ပါတယ်။