နောက်ဆုံးနေ့ရက်ရောက်မှ အပြီးသတ်နိုင်ခဲ့တဲ့ ဥရောပထိပ်တန်းလိဂ်မှ အပြောင်းအရွှေ့များ

Author မောင်ရှမ်း
Categories
Published on Feb 01, 2023

ဥရောပထိပ်တန်းလိဂ်တွေရဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ ထင်မှတ်မထားတဲ့အပြောင်းအရွှေ့တွေလည်း ပါဝင်ခဲ့သလို အချိန်အကြာကြီးခေါ်ဖို့ကြိုးစားခဲ့တာမအောင်မြင်ခဲ့လို့ ပစ်မှတ်ပြောင်းပြီး နောက်ဆုံးနေ့ရက်ရောက်မှ တခြားတစ်ယောက်ကို အစားထိုးခေါ်ယူခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကတော့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင် ၁၀ သန်း + အပိုဆုကြေး ၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ထပ်တိုးခွင့်တစ်နှစ်ပါဝင်တဲ့ တစ်နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မန်ယူအသင်းကလည်း ဒဏ်ရာကြောင့် မေလလောက်ထိအနားယူရမယ့် အဲရစ်ဆန်ရဲ့နေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းထံကနေ သြစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာကို ရာသီကုန်ထိ အငှားနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကလည်း အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ဘင်ဖီကာကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်အတွက် ယူရို သန်း ၁၂၀(အရစ်ကျစနစ်) နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်ကလည်း နယူးကာဆယ်ကွင်းလယ်လူ ရှယ်လ်ဗေး၊ ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ်နဲ့ အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

တခြားအပြောင်းအရွှေ့တွေမှာတော့ ဘာစီလိုနာနောက်ခံလူ ဘယ်လာရင်က စပို့တင်း၊ အာဆင်နယ်ကွင်းလယ်လူ လိုကွန်ဂါက ပဲလေ့စ်၊ အာဆင်နယ်နောက်ခံလူ ဆီဒရစ်က ဖူလ်ဟမ်ဆီကို ရာသီကုန်ထိအငှားနဲ့ အသီးသီးပြောင်းရွှေ့ခဲ့ကြပါတယ်။