နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြေပြင်အခြေပြု ပြည်သူ့ပညာရေးကျောင်းတစ်ခုမှ ဆရာမတစ်ဦးနှင့် တွေ့ဆုံခြင်း
စက်တင်ဘာလ (၁၈) ရက်နဲ့ (၁၉) ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ရေလဲရွာနဲ့ မိုးစစ်ရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်စုစုပေါင်း (၄၇) လုံးနီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီ မီးရှို့ခံရတဲ့ အိမ်တွေထဲမှာ မြေပြင်အခြေပြု ပြည်သူ့ပညာရေးကျောင်းတွေမှာ စာသင်ပေးနေရတဲ့ ဆရာ၊ဆရာမ တွေရဲ့ အိမ်တွေလည်းပါသွားပါတယ်။ အိမ်တွေညမီးထဲပါသွားလို့ ဆရာမ တချို့ဟာ သင်ကြားရေးကနေထွက်ပြီး စားဝတ်နေရေးရုန်းကန်ရမယ့် အခက်အခဲတွေလည်း ကြုံတွေ့နေရပါတယ်။ အခုလက်ရှိမှာရော အဲ့ဒိ ဆရာမတွေရဲ့ အခြေအနေဟာ ဘယ်လိုရှိပါသလဲ။ သူတို့တွေ တကယ်ပဲ စာသင်ခန်းတွေထဲကထွက်ခွာသွားခဲ့ပြီးလား စတဲ့ စတဲ့ အခြေအနေတွေကို သိရဖို့ နေအိမ်မီးရှို့ဖျက်ဆီး ခံလိုက်ရတဲ့ ဆရာမ တစ်ဦးကို CJ Platform ကဆက်သွယ်မေးမြန်းထားပါတယ်။
မေး- ဆရာ၊မတို့ ကြုံတွေ့ရတဲ့အခြေအနေလေးပြောပြပေးပါခင်ဗျ။
ဖြေ – အိမ်ကမီးထဲပါသွားတော့ လမ်းပျောက်သွားသလိုပဲ၊ ရှေ့မဆက်တတ်တော့ဘူး၊ ဘာကနေဘယ်လို စရမှန်းမသိတော့ဘူး။ ပညာရေးမှာတော့ အစကတော့ စိတ်ဓာတ်ကျသွားလို့ မလုပ်ချင်တော့ဘူး၊ အခုကတော့ အဆင်ပြေသွားပါပြီ ဆက်လုပ်ဖြစ်မှာပါ။
မေး- ဆရာ၊မတို့ရွာကို ဝင်စီးခံရတာပါလား။
ဖြေ- သူတို့ဟာသူတို့ သက်သက်ဝင်စီးတာပါ၊ တိုက်ပွဲလည်းမဖြစ်ပါဘူး။
မေး- ဘာတွေ ပါသွားတာများရှိလဲ။
ဖြေ- TV၊ ရေခဲသေတ္တာ၊ သံဗီရို၊ကုတင်၊ တီဗီ အကုန်ပါသွားတာ၊ အိမ်ကလည်း မီးလောင်သွားတယ်၊
မေး- စကစရဲ့ခြိမ်းခြောက်ခံရတာမျိုးရှိလား။
ဖြေ- ခြိမ်းခြောက်ခံရတာမျိုးတော့မရှိပါဘူး၊ သူတို့ဝင်လာတော့ ကျွန်မတို့က ပြေးသွားတာနဲ့ ထိပ်တိုက်တွေ့တာမျိုးလည်းမရှိပါဘူး။
မေး- အခုလို ပြည်သူ့ဘက်တော်သားအဖြစ် ပြည်သူ့ကလေးတွေရဲ့ အခက်အခဲကူညီအား ဖြည့်ပေးနေရတဲ့အခိုက်အတန့်မှာ ဘယ်လိုမျိုးအတွေးဝင်မိတာလဲ။
ဖြေ- ကျွန်မတို့သာမရှိတော့ရင် ကလေးတွေက ဘယ်လိုလုပ်မလဲ၊ ကျွန်မတို့ကမှ တစ်ယောက်တည်း ကလေးတွေက အများကြီးလေ၊ ကျွန်မတို့သာမသင်လိုက်လို့ရှိရင် ဒီကလေးတွေပညာရေးခက်ခဲသွားမှာလေ၊ အိမ်တွေမီးထဲပါသွားပေမယ့် ကျွန်မကတော့ မကြောက်တော့ပါဘူး၊ ဒါပေမဲ့ မြို့ထဲသွားရင်တော့ နည်းနည်းကြောက်မိပါတယ်။
မေး- ဘာတွေက သင်ကြားမှုရပ်တန့်စေဖို့ စေ့ဆော်နေပါသလဲ။
ဖြေ- ဘာမှမရှိတော့တဲ့အခါ၊ ကိုယ်နေစရာ အိမ်လေးတောင်မရှိတော့တဲ့အခါ ကိုယ့်အရေးကိုကိုယ်ပိုတွေးမိသွားတာပါ။ ကလေးတွေကို လုပ်ပေးဖို့နေနေသာသာ ကိုယ်ကကိုယ် ဘယ်ကစရမှန်းမသိလို့ အလုပ်ထွက်လုပ်ဖို့ တွေးမိသွားတာပါ။
မေး- စားဝတ်နေရေးကြောင့်ပါလား။
ဖြေ- မိသားစုစားဝတ်နေရေးလည်းပါတာပေါ့။ အဓိကက နေရေးပေါ့။
မေး- စားဝတ်နေရေးကို ပြည်သူ့အဖွဲ့အစည်းတွေဘက်က အကူအညီ မရရှိဘူးလား။ ရရှိဖူးတာရှိပါသလား။
ဖြေ- ကျောင်းအနေနဲ့ ကျွန်မတို့ဆရာကြီးက အလှူခံပေးလို့ နှစ်သိန်းခွဲတော့ ရလိုက်ပါတယ်၊ နောက် ဘုန်းကြီးကတဆင့် အမည်မသိအဖွဲ့တစ်ခုဆီကနေ အိမ်မီးထဲပါသွားတဲ့သူတွေအတွက် တစ်အိမ် နှစ်သိန်းခွဲ ဆိုပြီးတော့လည်း ရဖူးပါတယ်။
မေး- NUG ဘက်က ကူညီပေးတာ ရဖူးပါသလား။ ဆရာ၊မတို့ ဘက်ကရော အကူအညီရဖို့ လျှောက်ထားဖူးတာမျိုးရောရှိပါသလား။
ဖြေ- မရဖူးပါဘူး၊ ကျွန်မတို့ကလည်းမလျှောက်ဖူးပါဘူး၊ ကျွန်မတို့က Volunteers ဆရာမတွေမို့ပါ။
မေး- အခုလက်ရှိ ဘာတွေအခက်အခဲဖြစ်ပြီး ဘာတွေလိုအပ်နေပါသလဲ။
ဖြေ- အဓိကက နေစရာပေါ့၊ သူများအိမ်မှာနေတော့အားနာရတယ်၊ လောလောဆယ်တော့ အမေကြီးအိမ်မှာနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူများအိမ်မှာဆိုတော့ မလွတ်လပ်ဘူးလေ။ စားသောက်ရေးကတော့ အဆင်ပြေပါတယ်။