နေရာလေးနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းနှစ်ခု သိမ်းနိုင်ခဲ့သည့် TNLA

Author အဂ္ဂ
Categories
Published on Dec 08, 2023

ရှမ်းပြည်(မြောက်ပိုင်း)တွင် အခြေပြုလှုပ်ရှားသည့် တအာင်းတပ်မတော် (TNLA) သည် ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) တွင် ရှမ်းမြောက်တခွင် စစ်ကောင်စီတပ်နှင့် နေရာလေးနေရာ၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တအာင်းတပ်မတော်နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့သည် ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ရှိ စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို ယမန်နေ့ နံနက် (၆) နာရီ (၃၀) မိနစ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ Jet Fighter ဖြင့် (၁၂) ကြိမ် လေကြောင်းပစ်ကူပေးနေသည့်ကြားမှ နေ့လယ် (၁၁) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် အဆိုပါစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ် (၁၀) လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုပါ သိမ်းဆည်းရမိသည်ဟု သိရသည်။

ရှမ်းပြည်(မြောက်ပိုင်း) မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ ခိုမုန်း တပ်စခန်းကိုလည်း တအာင်းတပ်မတော်က ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ (၄) နာရီ (၃၀) မိနစ် ဝန်းကျင်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသည့် စခန်းကြီးတစ်ခုဖြစ်သော စခန်းသစ်ဗျူဟာကုန်းကိုလည်း တအာင်းတပ်များက ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ ယမန်နေ့အထိ (၄၂) ရက်တိုင်တိုင် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဖော်ပြထားသည်။ စခန်းသစ်ကုန်း၏ အရှေ့ပွိုင့် လုံခြုံရေးကုန်းတစ်ခုကို တအာင်းတပ်များက    သိမ်းပိုက်မိပြီးချိန်တွင် စစ်ကောင်စီဘက်က ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုခြင်းများ ရှိလာခဲ့သလို စခန်းသစ်ဗျူဟာကုန်းသိမ်းနိုင်ရေးတိုက်ပွဲ (၄၂) ရက်တာအတွင်း Jet Fighter ဖြင့် (၁၉၅) ကြိမ်၊ Y8/ Y12 ရဟတ်ယာဉ်ဖြင့် (၅၅) ကြိမ်၊ ဓာတုအဆိပ်ငွေ့ဗုံးဖြင့် (၃) ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး အနီးအနားရှိ  စခန်းကြီး နှစ်ခုဖြစ်သော မန်တပ်စခန်းနှင့် နမ့်ဖတ်ကာစခန်းများမှလည်း လက်နက်ကြီးပစ်ကူ အကြိမ် (၃၀၀) ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

အလားတူပင် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ကွတ်ခိုင်တပ်စခန်းကိုလည်း တအာင်းတပ်မတော်က ယမန်နေ့ ညနေ (၄) နာရီ (၃၀) မိနစ်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

 

ယမန်နေ့(ဒီဇင်ဘာ ၇ ရက်) တစ်ရက်တာအတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာတွင် တအာင်းတပ်မတော်က စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုသိမ်းယူနိုင်ခဲ့သလို ဒီဇင်ဘာ (၆) ရက်နေ့ကလည်း ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းနှင့် နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီးတပ်စခန်းတို့ကို သိမ်းယူနိုင်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု တအာင်းတပ်တော်က ထုတ်ပြန်ထားသည်။

 

ညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် တအာင်းတပ်မတော်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တခွင်ရှိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၅၅) ခုထက်မနည်း သိမ်းပိုက်ထားနိုင်ခဲ့သလို နမ့်ခမ်းမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါး သိမ်းပိုက်ထားနိုင်ကာ နမ့်ခမ်းမြို့ထိန်းချုပ်နိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်းနေသည်ဟု တအာင်းတပ်မတော် ထုတ်ပြန်ချက်များအရ သိရသည်။

 

ဓာတ်ပုံ – The Ta’ang Post