နေပြည်တော် ထွက်ပြေးသည့် အငြိမ်းစား စစ်အရာရှိကြီးများ PDFကြောက်လို့ အချင်းချင်း နေအိမ်လိပ်စာမပေးရဲ

Author အောင်နိူင်သူ
Categories
Published on Sep 30, 2022

ဗိုလ်ချုပ်အုန်းသွင် ရှင်းလင်းခံရပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ အာဏာသိမ်းစစ်တပ်မှ အငြိမ်းစားအရာရှိကြီးအချို့

နေပြည်တော်ကို ပြောင်းရွေ့နေထိုင်ရာတွင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုမရှိ၍ စစ်ကောင်စီက သတိပေး ပြောဆိုရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ အငြိမ်းစားဗိုလ်မှူးချုပ် ၊ဗိုလ်မှူးကြီးများ စက်တင်ဘာ ၂၆ရက်မှ စတင်၍ နေပြည်တော်သို့ ပြောင်းရွေ့ကြသည်ဟု အမည်မဖော်လိုသူ ဗိုလ်မှူးအငြိမ်းစားတစ်ဦးက CJ Platform ကိုပြောသည်။

“သူတို့စဥ်းစားတာက ဗိုလ်မှူးချုပ်အုန်းသွင်အပစ်ခံရတာ ပြီးတော့ Mytel က ဦးသိန်းဆောင်လည်း အပစ်ခံရတယ်
သူဆို ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်နော် ဒေါ်သန်းသန်းဆွေအပစ်ခံရတာ ၊တွန်းအားပေးသွားတာက သန်လျင်က တပ်သားနှစ်ဦးက ဗိုလ်ကြီးအပါအဝင်ပစ်တဲ့ကိစွပဲ အခု သူမယုံ ကိုယ်မယုံနဲ့ ခရီးဆက်နေကြတာ အငြိမ်းစားတွေက”ဟု ပြောသည်။

နေပြည်တော်သို့ အငြိမ်းစားဗိုလ်မှူးချုပ်များ ဗိုလ်မှူးကြီးများ ရောက်ရှိပြီးနောက် အတွင်းရေးများနှင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိကြသည်ကို တွေ့ရသည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အချို့က သားကခေါ်တာ သမီးကခေါ်တာ အရင်အိမ်မှာ ပြန်နေတာဆိုပြီး သတင်းလွှင့်ကြတာ တူတာတစ်ခုပဲရှိတယ် နေပြည်တော်ကို ပြောင်းနေရရေးပဲ အခုဒီရောက်တော့ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မလုပ်ကြတော့ဘူး ယုံကြည်မှု မရှိတော့တာ”ဟု ရှင်းပြသည်။

အငြိမ်းစားအရာရှိကြီး အချင်းအချင်းမှာလည်း တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများပျက်ပြားနေသည်ဟု ပုဗ္ဗသီရီမြို့ခံတစ်ဦးက ပြောသည်။

“ဒုဗိုလ်မှူးကြီးက သူ့ဆရာကို အဘ အခုဘယ်မှာတည်းနေလဲလို့မေးတာ ဟိုက ငါ့ကို သတ်မလို့လား ပြောတော့ ဆက်
မပြောရဲတော့ဘူး”ဟု နေပြည်တော်အခြေစိုက် စစ်ကောင်စီနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ ဥတ္တရသီရီ၊ ပုဗ္ဗသီရိ ၊ လယ်ဝေး၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့နယ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီက ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားသည့် အတွက် ပြောင်းရွေ့နေထိုင်ကြတာလည်း ဖြစ်သည်ဟု သုံးသပ်ကြသူတွေလည်း ရှိသည်။

ရန်ကုန်တိုင်းအတွင်း ယခုလ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်နေ့အထိ ပစ်ခတ်မှုများ ၄၂ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်အပါအဝင် ၁၅ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အငြိမ်းစား စစ်အရာရှိများအနေဖြင့် လုံခြုံမှုမရှိသည့်အတွက် နေပြည်တော်ကိုပြောင်းရွေ့ကြတာဖြစ်သည်။