နေပြည်တော်ရှိ Non-CDM ဝန်ထမ်းများအား စစ်သင်တန်းတက်ခိုင်းနေ တော်လှန်ရေးအင်အားစုများအား ပြန်တိုက်ရန်ဟုဆို

Author Kim၊ လင်းနွေဦး
Categories
Published on Feb 03, 2024

နေပြည်တော်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ရက်နေ့ အင်္ဂါနေ့တွင် Non-CDM  ဝန်ထမ်းများအား တော်လှန်ရေးတပ်ပေါင်းစုများကို ပြန်လည်တိုက်ထုတ်ရန်ဟု ဆိုကာ စစ်သင်တန်းတက်ရောက်ရန် အမိန့်စာထုတ်ခဲ့ကြောင်း တပ်တွင်းအရင်းအမြစ်ထံမှ သိရသည်။

 

စစ်ကောင်စီမှ ဌာနဆိုင်ရာများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို “ဒေသတွင်း တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ ကာကွယ်ရန်”ဟု ခေါင်းစဉ်ဖြင့် စစ်သင်တန်း တက်ရောက်ရန် ယခုကဲ့သို့ အမိန့်စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ဦးမှ ဆိုသည်။

 

” သင်တန်းတက်ကို မဖြစ်မနေတက်ရမယ်လို့ စာထုတ်တယ်၊ ဌာနဆိုင်ရာအားလုံးပဲ။ ထုတ်ပြန်စာကတော့ ဌာနတော်တော်များများကို ရောက်နေပြီ။ ယောကျ်ားလေးတွေကတော့ သေချာပေါက်တက်ရမှာ၊ ထုတ်ပြန်စာထဲမှာတော့ အောက်ခြေဝန်ထမ်းအဆင့်ကနေ ညွှန်မှူးအဆင့် အထက်ပိုင်းအရာရှိအဆင့်တွေအထိ ပါဝင်တယ်”ဟု အမည်မဖော်လိုသူ တပ်တွင်းသတင်းရင်းမြစ်မှ CJ Platform သို့ ပြောသည်။

 

နေပြည်တော် အခြေစိုက် ဝန်ထမ်းများသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် နှစ်ပတ်တာ အချိန်ကြာမြင့်မည့် စစ်သင်တန်းအား တက်ရောက်ရမည်ဖြစ်ပြီး စစ်သင်တန်း မတက်ရောက်ဖူးသေးသူများအား ပထမဦးစားပေး စေလွှတ်ပြီးနောက် စစ်သင်တန်းတက်ရောက်ဖူးသူများအား မွမ်းမံသင်တန်း ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းမြစ်မှ ပြောသည်။

 

သင်တန်းတွင် သေနတ်အစစ်များနှင့် ဗလာကျည်များအား အသုံးပြုကာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီသည် ဌာနဆိုင်ရာ ဝန်ထမ်းများအား စစ်သင်တန်းတက်ရောက်ရန် အမိန့်စာထုတ် စေခိုင်းခြင်းများအပြင် ဒေသအသီးသီးတွင် ပြည်သူများအား ပြည်သူ့စစ်သင်တန်းများကို တက်ရောက်ရန် စေခိုင်းခြင်းများ လုပ်ဆောင်နေလျက်ရှိသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းမှ မွန်ပြည်နယ်ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲတွင် “ခုလို ဒေသလုံခြုံရေးနဲ့ နိုင်ငံ့တာဝန်အား ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့သားကောင်းဝန်ထမ်းများအား တွေ့ဆုံရသည်မှာ ဂုဏ်ယူကြောင်း ၊ အမိမြေကို အဖျက်သမားများလက်မှ ကာကွယ်ခြင်းသည် မွန်မြတ်သော ကိစ္စရပ်ကြီး ဖြစ်ပြီး လူတိုင်း မလုပ်ဆောင်နိုင်ဘဲ ထူးချွန်သူတို့သာ လုပ်ဆောင်နိုင်သည်”ဟု ပြောကြားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဦးဆောင်မှုနှင့်အတူ တော်လှန်ရေးတပ်ပေါင်းစုများ၏ ထိုးစစ်ဆင်မှုကို ခံနေရပြီး စစ်စခန်းများစွာ နှင့် လက်နက်ခဲယမ်းမြောက်မြားစွာ ဆုံးရှုံးနေရခြင်း၊ လက်အောက်ခံ တပ်သားများ တိုက်ပွဲများအတွင်း သေဆုံးမှု များပြားခြင်း ၊ အရာရှိစစ်သည် များမှ ဦးဆောင်ကာ ပြည့်သူ့ရင်ခွင်ခိုလှုံ ၍ လက်နက်ချ အလင်းဝင်ရောက် သူ တပ်သားများ များပြားလာခြင်းတို့ကြောင့် အင်အားဆုံးရှုံးလာရသော စစ်ကောင်စီသည် ယခုကဲ့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများအား စစ်သင်တန်း မဖြစ်မနေ တက်ရောက်ရန် ဖိအားပေး စီစဉ်ကာ ၎င်းတို့ လိုအပ်သော အင်အား လိုအပ်ချက်အား လတ်တလော ဖြေရှင်းနိုင်ရေး စီစဉ်နေခြင်းလည်းဖြစ်သည်။