နေပြည်တော်တွင် ဒရုန်းခုနစ်စင်း ပစ်ချနိုင်ခဲ့ဟု စစ်ကောင်စီထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on Apr 04, 2024

ယနေ့နံနက်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နိုင်မှုအပြီး ဒရုန်းခုနစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု စစ်ကောင်စီ သတင်းဌာန မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်သည်။

 

ယနေ့ ဧပြီ ၄ ရက် နံနက် ၁၀ နာရီခွဲခန့်က နေပြည်တော်လေဆိပ်အရှေ့ဘက်မှ ပျံသန်းလာသော ဒရုန်းလေးစင်းကို ပစ်ချနိုင်ခဲ့သည်ဟုဆိုသကဲ့သို့ ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်က ဒရုန်းသုံးစင်းကို စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

 

ထိုဖြစ်စဉ်တွင် လူ၊ အဆောက်အအုံ ထိခိုက်မှုမရှိခဲ့ဘဲ လုံခြုံရေးဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။

 

စစ်ကောင်စီဒရုန်းများ ပစ်ချနိုင်ခဲ့သည်ဟုဆိုသည့်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက အသေခံ ဒရုန်း(ခေါ်)ကာမီကာဇေဒရုန်း ၂၉ စင်းဖြင့် နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ်တို့ကို တိုက်ခိုက်နိုင်ခဲ့သည်။

 

စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း (၁၆)စင်း၊ အေလာလေတပ်ကို ၁၃ စင်းတို့ဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ရုံးချုပ်တစ်ခုလုံး အဆက်အသွယ်ပြတ်တောက်ကာ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်၍ အဆက်အသွယ်မရရှိသေး‌သော်လည်း အေလာလေတပ်အတွင်း မီး‌လောင်မှုများရှိခဲ့သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြောမှုအရ သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ရုံးချုပ်(ကက-ကြည်း)တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အထူးတပ်ဖွဲ့များ၊ ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Cloud Drone တပ်ခွဲမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထုတ်ပြန်သည်။

 

အေလာလေတပ်တိုက်ခိုက်မှုကိုမူ PDF အထူးတပ်ဖွဲ့ဝင်များနှင့် ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MOD က ဆိုသည်။

 

ဓာတ်ပုံ – MRTV