နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကောင်စီတပ်များ တပ်စွဲရန် ပြင်ဆင်ထားသော ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က မီးရှို့ရှင်းလင်း

Author မင်းထက်
Categories
Published on Mar 02, 2024

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ညောင်ပတ်ကျေးရွာ ရဲကင်းစခန်းကို စစ်ကြောင်းရောက်ရှိ အထိုင်မချမီ ဖေဖော်ဝါရီ ၂၉ ရက်နေ့  နံနက် ၉ နာရီ ၂၅ မိနစ်ခန့်၌ တော်လှန်ရေးတပ်သားများက ရဲစခန်းကို ကြိုတင်မီးရှို့ရှင်းလင်းခဲ့ကြောင်း OPRF – PLA၏ တာ၀န်ရှိသူတစ်ဦးက CJ Platformသို့ ပြောသည်။

“ရဲစခန်းမီးရှို့တဲ့ အကြောင်းရင်းကလည်း တပ်ကုန်းမြို့နယ် တုံးချိုးရွာကို ကျွန်တော်တို့ လူထုစည်းရုံးရေး စကားပြောလုပ်ဆောင်တာကို နေပြည်တော်တိုင်းအထိ သတင်းပို့တိုင်ကြားခံရတယ်။ အဲလိုကြောင့် တိုင်းက တိုက်ရိုက်အမိန့်နဲ့ အမြန်လမ်းမကြီး လုံခြုံရေးယူထားတဲ့ တပ်ကပဲ တာဝန်ယူပြီး ညောင်ပတ်အထိ စစ်ကြောင်းထိုးလာကြဖို့ရှိနေတာဗျ။ အဲ့ဒါကြောင့် သူတို့ တက်လာနေတုန်းပဲ ကျွန်တော်တို့တက်သွားပြီး သူတို့ရဲ့ ရဲကင်းစခန်းကို မီးရှို့ခဲ့တာပါဗျ” ၄င်းကပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့်ရောက်ရှိလာကာ ညောင်ပတ်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စစ်ကောင်စီတပ်သား‌များက  ကား ၆စီး အင်အားအပြည့်ဖြင့် ရောက်လာခဲ့ကြောင်း ၊  ဖေဖော်ဝါရီ ၂၉ရက် ညဦးပိုင်းအထိ စစ်ကောင်စီတပ်က အင်အားများ ထပ်မံဖြည့်တင်းရန် ကြိုးစားခဲ့ပြီး  စစ်ကြောင်းလှည့်လည် ကင်းပတ်ခြင်းများပြုလုပ်နေကြောင်း သိရသည်။

 

ယနေ့ မတ် ၂ရက်တွင်လည်း စစ်ကောင်စီကားတစ်စီး ထပ်မံရောက်ရှိလာကြောင်း OPRF – PLA က တာ၀န်ရှိသူတစ်ဦး၏ ပြောဆိုချက်အရသိရသည်။

” လက်ရှိလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရှိနေဆဲပဲဗျ။ ကျွန်တော်တို့လည်း အင်အားတော့ အတိအကျ ခန့်မှန်းဖို့ ခက်ပါတယ်ဗျ။ ဒီမနက် စစ်ကားတစ်စီး ထပ်ဝင်လာတယ်ဗျ။ ကားအစီးရေ ၇စီး၊ ၈စီးလောက် ဖြစ်နေပြီ”ဟု ၄င်းကပြောသည်။

 

မီးရှို့ဖျက်ဆီးခဲ့သော ရဲကင်းစခန်းသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နှစ်လယ်ပိုင်းက စစ်ကောင်စီတပ်သားများ လေးလကျော်ကြာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သော ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားတွေ နေထိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

 

ဓာတ်ပုံ – အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA