နေပေါ် ဖြစ်ပွားနေသည့် စူပါဆိုလာမုန်တိုင်းများကြောင့် လာမည့်နှစ်အတွင်း ကမ္ဘာနှင့်အဝှမ်း လျှပ်စစ်မီးနှင့် အင်တာနက်များ ပြတ်တောက်နိုင်ဖွယ်ရှိ

Author ဇက်
Categories
Published on Nov 23, 2023

အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး(NOAA)အဖွဲ့အစည်း လက်အောက်က အာကာသမိုးလေဝသခန့်မှန်းရေးစင်တာမှ လာမည့် ၂၀၂၄ ခုနှစ်အတွင်း နေမုန်တိုင်းနှင့် နေမီးတောက် ဖြစ်စဉ်များ နေပေါ် တွင် အမြင့်ဆုံးအခြေအနေအဖြစ် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထုတ်ပြန်သည်။

 

ယင်းနေမုန်တိုင်းနှင့် နေမီးတောက်များသည် လာမည့်နှစ် ဇန်နဝါရီလမှစတင်၍ အောက်တိုဘာလအထိ အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး အခြေအနေများ ဖြစ်ပေါ်နိုင်ပြီး ထိုအထဲမှ အချို့သည် ကမ္ဘာသို့ လာရောက်ရိုက်ခတ်နိုင်ခြင်းကြောင့် အင်တာနက်လိုင်းများ လချီပြတ်တောက်နိုင်ကြောင်း NOAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နေမီးတောက်များဆိုသည်မှာ နေပေါ်မှ သံလိုက်စက်ကွင်းများနှင့် လျှပ်စစ်ဓာတ်ဆောင်အမှုန်များကြောင့် ဖြစ်ပေါ်သည့် ပေါက်ကွဲမှုများမှ ထွက်လာသည့် စွမ်းအင်မြင့်ရောင်ခြည်လှိုင်းများဖြစ်သည်။ ထိုလှိုင်းများသည် အလင်း၏ အလျင်နှင့် သွားလာခရီးနှင်နိုင်ပြီး ကမ္ဘာထံသို့ အချိန် ၈ မိနစ်တည်းဖြင့် ရောက်ရှိလာနိုင်သည်။

 

ဖော်ပြပါ နေမီးတောက်များသည် စွမ်းအင်မြင့်အမှုန်များနှင့် လျှပ်ဓာတ်ဆောင်အမှုန်များ ပမာဏများစွာ ပါဝင်ပြီး ကမ္ဘာကို လာရိုက်ခတ်မည်ဆိုပါက ကမ္ဘာရှိ သံလိုက်စက်ကွင်းကြောင့် လမ်းကြောင်းသွေဖည်ပြီး အစိတ်အပိုင်းတချို့ လေထုထဲ ဝင်လာမည်ဆိုပါက မြောက်နှင့် တောင်ဝင်ရိုးစွန်းတို့မှကဲ့သို့ ဥတ္တရအလင်းတန်းများ ဖြစ်ပေါ်နိုင်သည်။ လက်ရှိအချိန်တွင် နေ၏ မျက်နှာပြင်ထဲ ယင်းဖြစ်စဉ်များ အရှိန်အဟုန်မြင့် ဖြစ်ပွားနေသည့်အတွက် ကမ္ဘာ၏ ဝင်ရိုးစွန်းဥတ္တရအလင်းတန်းတွေသည်လည်း အရေအတွက် မြင့်တက်လာနေကြောင်း  ပညာရှင်များက ဆိုသည်။

 

ထို့ပြင် Coronal Mass Ejection (CME)ဟု ဖော်ပြကြသည့် နေမုန်တိုင်းအမျိုးအစားမှာမူ နေ၏ အပြင်ခြမ်း ကိုရိုနာအလွှာမှ ထွက်လာသည့် စွမ်းအင်မြင့်လှိုင်းများ၊ သံလိုက်စက်ကွင်းများ ပါဝင်သည့် ပလာစမာဂတ်စ်လုံးကြီး ဖြစ်သည်။ ထို CME များမှာ နေမှ တန်ဘီလျံနှင့်ချီသည့် လျှပ်ဓာတ်ဆောင်အမှုန်များကို အင်အားပြင်းထန်စွာ လွှတ်ထုတ်ပြီး တစ်နာရီကို ကီလိုမီတာ သုံးသိန်းနှုန်းနှင့် ခရီးနှင်နိုင်သည်။

 

CME များ ကမ္ဘာသို့ တည့်တည့်လာရောက်ရိုက်ခတ်မည်ဆိုပါက ကမ္ဘာ့ပတ်လမ်းထဲရှိ ဂြိုဟ်တုများနှင့် အာကာသစခန်းများအတွင်း တာဝန်ထမ်းဆောင်နေသည့် အာကာသယာဉ်မှူးများအတွက် အန္တရာယ်တစ်ရပ် ဖြစ်စေနိုင်သည်ဟု သတိပေးထားသည်။

 

CME တွင် ပါဝင်လာသည့် သံလိုက်စက်ကွင်းနှင့် ကမ္ဘာ့သံလိုက်စက်ကွင်း ထိတွေ့မှု ဖြစ်ပွားနိုင်ပြီး Geomagnetic Storm ဟု ခေါ်သည့် မုန်တိုင်းအမျိုးအစား ဖြစ်ပေါ်နိုင်ကြောင်း၊ CME လှိုင်းများအတွင်းပါဝင်သည့် စွမ်းအင်မြင့်အမှုန်များ ကမ္ဘာ့လေထုထဲ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာနိုင်ပြီး ယင်းအမှုန်များကြောင့် ကမ္ဘာနှင့် တဝှမ်းက လျှပ်စစ်မီးကွန်ရက်များ အနှောင့်အယှက်ဖြစ်ကာ အချိန်အတန်ကြာ ပြတ်တောက်နိုင်သည်ဟု ရှင်းလင်းဖော်ပြထားသည်။

 

လက်ရှိအချိန် နေပေါ်တွင် ဖြစ်ပွားလျက်ရှိနေသည့် Super Solarstorm မှာ အားပြင်းသည့် CME များကို အာကာသပြင်တစ်လျှောက် ပမာဏအများအပြား လွှတ်ထုတ်လာနိုင်ကြောင်း၊ NOAA ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ နေသည် ၎င်း၏ ၁၁ ဆိုလာစက်ဝန်းအရ နေပေါ်တွင် ဖြစ်နေသည့် အထက်ဖော်ပြသည့် အခြေအနေများသည် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကြားတွင် အမြင့်ဆုံး၊ အပြင်းထန်ဆုံး အခြေအနေကို ရောက်ရှိပြီး ယခင်ခန့်မှန်းချက်ထက် တစ်နှစ်စော ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိဆိုလာစက်ဝန်းကမူ ၂၀၂၀ မှ စပြီး ၂၀၃၂ ခုနှစ်တွင် ပြီးဆုံးမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။ ယင်းဖြစ်စဉ်တစ်လျှောက်လုံးတွင် နေမီးတောက်များ၊ CME  များ ပမာဏများစွာ ဖြစ်နိုင်သည်မှာ လာမည့် ၂၀၂၄ ခုနှစ်တွင် ဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး ယင်းကို Peak (အထွတ်အထိပ်) အချိန်ဟု ဖော်ပြထားသည်။

 

အဆိုပါ စူပါဆိုလာမုန်တိုင်းများသည် ယခင်တုန်းကလည်း ဖြစ်ပွားဖူးပြီး လွန်ခဲ့တဲ့ ၁၈၅၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကာရင်တန်ဖြစ်စဉ်(Carrington)တွင် ကမ္ဘာနှင့်တဝှမ်းက ကြေးနန်းစနစ်များ အားလုံး ပြတ်တောက်ခဲ့ဖူးသည်။ ၁၉၈၉ ခုနှစ်က ဆိုလာမုန်တိုင်းဖြစ်စဉ်တွင် ကနေဒါနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ ၂၀၁၂ ခုနှစ်က စူပါဆိုလာမုန်တိုင်းမှာလည်း ကမ္ဘာကို တိုက်ရိုက်တိုက်ခတ်ခြင်း မရှိခဲ့သော်လည်း မုန်တိုင်းအရှိန်သက်ရောက်ခဲ့ခြင်းကြောင့် ကမ္ဘာနှင့် တစ်ဝှမ်း လျှပ်စစ်ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရဖူးသည်။ ထိုပြတ်တောက်မှုများနှင့် ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်နိုင်ရန် အချိန် ၄ နှစ်မှ ၁၀ အထိ ကြာမြင့်ခဲ့ပြီး အမေရိကန်တစ်နိုင်ငံတည်းတင် ပြင်ဆင်စားရိတ် ကန်ဒေါ်လာထရီလီယံချီ ကုန်ကျခဲ့သည်။

 

လက်ရှိအချိန် နိုင်ငံတကာအာကာသလေ့လာရေးစခန်းများက ပညာရှင်များမှာမူ နေမှ အဆိုပါ CME များ ထွက်လာခြင်းရှိ၊ မရှိကို အချိန်ပြည့်စောင့်ကြည့်နေပြီး အကယ်၍ ကမ္ဘာလမ်းကြောင်း တည့်တည့်မှ လွတ်ထွက်လာပါက အနည်းဆုံး ၁၂ နာရီခန့်မှ ၂၄ နာရီအတွင်း သိရှိနိုင်မည်ဟု ဆိုသည်။

 

အဆိုပါ CME များအနေဖြင့် ကမ္ဘာတည့်တည့်ကို လာရောက်ရိုက်ခတ်ခြင်း ရှိ၊ မရှိနှင့် လျှပ်စစ်မီးများ ပြတ်တောက်နိုင်ခြင်း ရှိ၊ မရှိကိုတော့ ပညာရှင်များအနေဖြင့် အသေးစိတ်ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိသေး‌ပေ။ ကမ္ဘာ့လမ်းကြောင်းတည့်တည့်ကို လာပြီး ကမ္ဘာကို တိုက်ရိုက်လာရောက် ထိခတ်နိုင်ချေမှာမူ ရာခိုင်နှုန်းအားဖြင့် နည်းပါးသည်ဟု သိရသည်။