“နူရာဝဲဆွဲဘဝများ”

Author မင်းဘုဏ်းလူ (၅၀၅)
Categories
Published on Sep 25, 2022

“ ဟာ .. ကျည်ကုန်ပြီ ”

လက်လုပ်တစ်တောင့်ထိုးလေးနဲ့ စခတွေကို လှမ်းပစ်ပြီး ကျည်ဖြည့်ရန် လွယ်အိတ်ထဲကို နှိုက်လိုက်ပြီးတော့ ပါးစပ်က ညည်းတွားမိလိုက်သည့် အသံ ။

“ စိုးကြီး မင်းဆီ ဘယ်လောက်ရှိသေးလဲ .. ငါ့ကို ငါးတောင့်လောက် မျှ ”
“ ငါ့ဆီ သုံးတောင့်ပဲ ရှိတော့တယ် ရော့ မင်း တစ်တောင့် အရံယူထား အခြေအနေမကောင်းရင် ကိုယ့်ကိုယ်ကို ပြန်ပစ်ဖို့ ” စကားလည်းအဆုံး စိုးကြီး လှမ်းပစ်ပေးသော တစ်တောင့်ကို လှမ်းဖမ်းပြီး သေနတ်ထဲ ထည့်ထားပြီး မောင်းတင်ထားလိုက်သည် ။ နောက်ဆုံး အဆုံးအဖြတ်အတွက် ဖြစ်သည် ။

ကိုယ်တွေဘက်က အမှတ်စဉ်ရေပြီး ပစ်နေသလား ထင်ရလောက်အောင် ပစ်ချက်ကျဲသော်လည်း စခတွေဘက်ကတော့ ရေတံခွန်ရေစီးကျသလို ဝုန်းဒိုင်း ဒက် ဒက် ဒက် နဲ့ အသံပြတ်တယ်မရှိအောင် ဖိပစ်နေသည် ။ လူအင်အား လက်နက်အင်အား နှိုင်းယှဉ်ကြည့်ရင် ခွေးပိန်ကို ဆင်လိုက်‌ နင်းနေသလား မှတ်ရသည် ။

“ ပြန်ဆုတ်ကြမယ်ဟေ့ ” ခေါင်းဆောင်ရဲ့ အော်သံကို ကြားတော့ ဝမ်းလျားမှောက်လျက်ကနေပဲ တံတောင်ကို ထောက်ပြု အားယူပြီး ခန္ဓာကိုယ်ကို လှည့်လိုက်တော့ ပွန်းရှထားတဲ့ ဒဏ်ရာတွေဟာ ထပ်မံပွန်းရှပြီး နာကျင်လာသော်လည် အော်ညည်းနေလို့မရ ။

ကျည်အသံကို နားစွံနေရင်း တိတ်သွားတဲ့ သုံးစက္ကန့်လောက်အတွင်း ထပြေးရတော့သည် ။ မက်မက်ပြေးရတာမျိုး မဟုတ်ခါးကို ကုန်းနိုင်သမျှကုန်းထားပြီး ပြေးအားကိုလည်း လျော့မရ ။ ပြေးနေရင်း ‌ခြေဖဝါးက စူးကနဲ စူးကနဲ ဖြစ်လာမှ ရိုးပြတ်တွေရှထားသည့်ဒဏ် ဆူးတွေ စူးထားသည့် ဒဏ်ရာတွေကို သတိရမိတယ် ။ ဟိုတစ်ခါ အစ်မတစ်ဦးပေးတဲ့ မုန့်ဖိုးထဲက ပွိုင့်ဖိနပ်တစ်ရံတော့ ဝယ်လိုက်သင့်တာ .. မတက်နိုင်ဘူးလေ ဆူးစူး ၊ ပွန်းရှလို့ မသေနိုင် ၊ ကျည်မလောက်တာက သေဖို့များတယ် .. ဒီတော့လည်း ရသမျှ မုန့်ဖိုး အလှူငွေ ဆိုတာ ကျည်ဖိုးနဲ့ ယမ်းဖိုးသာ သုံးနိုင်သည် ။

အပူဒဏ် နဲ့ ပွန်းရှစူးအောင့်တဲ့ဒဏ်တွေကို အံကြိတ်ခံပြီး ခွေးလက်နဲ့မသေရေး ငါ့အရေးဆိုပြီး ခါးကို ကုန်းနိုင်သမျှကုန်းထားရင်း မြွေလိမ်မြွေကောက် အသားကုန် ပြေးကြရင်း ကျည်သံမကြားရတော့မှ ဖိုးတုတ် တစ်ယောက် ဟင်းခနဲ သက်ပြင်းလေကိုမှုတ်ထုတ်ရင်းအပြေးရပ်မိတော့သည်။. ဒီနေ့အတွက်တော့ ခွေးကိုက်ခံရလို့ မသေတော့ဘူးဆိုတာ သေချာသွားလို့ အနည်းငယ် စိတ်သက်သာရာ ရသွားမိသည် ။ လူအင်အားချင်းမမျှသည့်တိုင်အောင် လက်နက်အင်အားချင်း ယှဉ်နိုင်လျင် ဒီနေ့ ပွဲသည် ခွေးသေသား ဘယ်ဈေးလဲ မေးရမယ့် ပွဲ .. ဒီနေ့ ပွဲမှ မဟုတ် ထိတွေ့မှုဖြစ်သည့် ပွဲတိုင်း ကိုယ်တွေဘက်က တိုက်အား သတ္တိအား ဗျူဟာအရ ဘယ်တော့မှ မရှုံး ။ ကျည်မလောက်လို့ လက်နက်ခြင်းမယှဉ်နိုင်လို့ အမြဲ ဆုတ်ပြေးခဲ့ကြရသည်သာ ရှိသည် ။ သူတင်ကိုယ်တင် ဘယ်တော့များမှ ယှဉ်ပစ်ခွင့်ရမည် မသိ။

ဖတ်ဖူးသည့် စာအုပ်တစ်အုပ်ထဲမှ ဂျာမန်စကားပုံတစ်ခုကို သတိရမိသည်။”စစ်ကြီးပြီးသည့်အခါ တိုင်းပြည်တွင် တပ်ကြီးသုံးတပ်ကျန်ခဲ့သည်တဲ့ ၊(၁)အကျိုး၊အကန်း၊အပြတ်၊အပဲ့အရွဲ့တပ် (၂)ပူဆွေးတမ်းတ ငိုကြွေးတသသူတို့တပ် (၃)သူခိုးဓါးပြတပ်တဲ့” ခုဖိုးတုတ်တို့တော်လှန်ရေးမှာမြင်‌ရသမျတော့ တကယ်တိုက်နေတဲ့အဖွဲတွေရဲ့ ပုံတွေနဲ့ အလှူခံစားနေသော အမည်ခံလုပ်စားတပ်၊ ရဲဘော်ကျဆုံးပုံများနဲ့ ဝမ်းနည်းနေကြသော RIPတပ်၊သူကပိုရှာနိုင်တယ် ငါကပိုရှာနိုင်တယ်ဟု အချင်းရန်ဖြစ်နေသော ဖန်ခင်သူများ၏ ဆယ်လီများတပ် ကိုသာတွေ့ရနေရသည်။

ဖိုးတုတ်တိုသင်တန်းတက်တော့ သင်တန်းဆရာကပြောဘူးသည်။”ပြောစရာရှိတာကို ရဲရဲပြောရဲရမယ်၊ခေါင်းဆောင်လုပ်တဲ့သူမှားနေရင်လည်းမှားနေကြောင်းထောက်ပြရဲရမယ်၊မပြောလို့မမှားခြင်းက ပြောလို့မှားခြင်းထက် ပိုညံ့ဖျင်းတယ်”တဲ့။

ဖိုးတုတ်တို့နယ်အစပ်မှာ သူခိုးထလို့ ဖိုးတုတ်နဲ့CDMလုပ်လာတဲ့ ရဲအကိုတစ်ယောက် လိုက်ဖမ်းကြသည်။ သူခိုးမိလာတော့ နာမည်ကြီးတပ်ရင်းတစ်ခုက သူတိ့အပစ်ပေးမည် ဆိုကာ သူခိုးကို ခေါ်သွားသည်။နောက်နေ့ ၎င်းတို့တပ်၏ Facebook pageမှာ သူတို့စွမ်းစွမ်းတမံသူခိုးဖမ်းခဲ့ကြောင်း ပုံနှင့်တကွ ကြေငြာချက်ထုတ်သည်။

ဖိုးတုတ်မနေနိုင်တော့ ပို့စ်အောက်မှာ “သူများအီးပုံ ခွမထိုင်ပါနဲ့”ဟု ဝင်မန့်မိသည်။ ၎င်းတို့ဖန်များက ဖိုးတုတ်ကိုဝိုင်းပြောဝိုင်းဆဲလိုက်ကြတာ သူခိုးတကယ်ဖမ်းခဲ့ရသည့်ဖိုးတုတ် ဒလန်လုံးလုံး ဖြစ်ခဲ့ဘူးသည်။

ဖိုးတုတ်တို့တပ်ကတော့ ရဲ‌ဘော်များ ရသမျမုန့်ဖို့လေးတွေစုပြီး ဖောက်ခွဲရေးအတွက် ယမ်းဝယ်ကြ၊ ကျည်ဆန်လေးဝယ်ကြ ရသည်။ လက်နက်ကမပြည့်စုံ၊ကျည်ကမလုံလောက်။ဒါတောင်စိတ်မပျက်ကြ။ တိုက်ပွဲသွားမယ်ဆိုလျင် သူလိုက်မယ်ငါလိုက်မယ် အလုအယက် တန်းစီနေကြလို့ ခွဲမှူးက အလှည့်ကျစနစ်စီစဉ်ပြီး ‌လိုက်ခွင့်ပြုထားရသည်။ လက်နက်နဲ့ပြည့်စုံ ကျည်လည်းလုံလုံလောက်လောက်သာရမယ်ဆိုလို့ကတော့ ဖိုးတုတ်တို့အုပ်စုက ပွဲတိုင်းလိုက်ပြီးသားပဲ။

မောင်းပြန်လေး တစ်လက်လောက်များ ဝယ်ပေးမဲ့သူရှိလို့ကတော့ အာ့အလှူရှင်ကို အားတဲ့ အချိန်တိုင်း ထိုင်ကန်တော့နေမိမှာ အမှန်။ ဟိုနေ့က onlineမှာဟိုကြည့်ဒီကြည့်ကြည့်မိတော့ ဂွေးဥဝယ်သည် တစ်လုံးသိန်းဘယ်လောက် ဆိုတာတွေ့ရတာ သတိရသည်။ ဖိုးတုတ် ဂွေးဥ ထုတ်ရောင်း‌တော့မည်။ ရောင်းရငွေနှင့် တပ်စုအတွက် မောင်းပြန်သေနတ်နဲ့ ကျည်ဆန် ရသလောက်ဝယ်ပေးမည် ။ဖိုးတုတ်ဝယ်‌ပေးတဲ့ သေနတ်ကျည်ဆန်တွေနဲ့ စစ်ခွေးတွေကို ရဲဘော်တွေ အားရပါးရပစ်ကြပါစေ။စစ်ခွေးတွေနဲ့ သူတင်ကိုယ်တင် ယှဉ်ပစ်ကြစေချင်သည်။

“ဟျေ့ာင် ဖိုးတုတ် ၊ဘာတွေတွေးပြီးပြုံးနေတာလဲ။ရဲဘော်တွေစုံမစုံလူစစ် ၊စိုးကြီးနဲ့နှစ်ယောက် နောက်ချန် ကင်းနေခဲ့၊ငါတို့ဆက်ထွက်ကြမယ် ၊စခန်းပြန်ရောက်မှနားကြတာပေါ့။ ”

ဟုတ်ကဲ့ စုမှူး။
စုမှူးအသံကြားလိုက်ရမှ ဆက်ထွက်ဖို့သတိရသည်။စိတ်ကူးယဉ်အတွေးထဲမှာတော့ မောင်းပြန်တွေနဲ့ ကျည်တွေအများကြီးနဲ့ စစ်ခွေးတွေကို ပစ်လိုက်ရတာ အားရချက်။လက်တွေ့ဘဝမှာတော့ လက်လုပ်သေနတ်လေးကိုင်ရင်း မိမိအတွက်ချန်ထားသည့် တစ်ထောင့်ထဲသော ကျည်ဆန်ကို ကျစ်နေအောင်ဆုပ်ကိုင်ရင်း စခန်းအပြန်ခရီးကို လှမ်းနေရသည်။

လူကြီးတွေကလည်း နိုင်ငံတကာနဲ့စကားပြောဖို့ ကြိုးစားနေရ၍ ဖိုးတုတ်တို့ကို မကြည့်နိုင်အား .. ။သူတို့လည်း အစွမ်းရှိသလောက်ကြိုးစားနေတာပါပဲလေ။ ပြည်သူတွေခမျာလည်း အလကားရတဲ့ လေ ကိုတောင် ချွေတာ ရှူနေရလို့ အရင်လို ကူညီမှုတွေ သိပ်မပေးနိုင်ကြတော့ ။ ဖိုးတုတ်တို့လို မထင်မရှား အဖွဲ့လေးတွေအတွက်တော့ ဆင်းရဲသားရပ်ကွက်ထဲ လာတောင်းစားမိသည့် အနူသူတောင်းစားများလို ဖြစ်နေရသည် ။

အတ္တတွေကင်းကွာမှ အောင်မြင်မှုရနိုင်မှာမဟုတ်လား။ ညည်းတွားရေရွတ်နေမှုကို စွန့်လွှတ်နိုင်မှသာ အဆုံးစွန်အောင်မြင်မှုကို ရမှာ။ဖိုးတုတ် ညည်းတွားမပြချင်တော့။ အနာကိုကုတ်ရင်း ဗိုက်ဆာရင်းကသာ ကမ်းလာမည့်လက်များကို မျှော်လင့်နေရင်း……….။