နို၀င်ဘာလအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၃၃၀ ကျော် သေဆုံးခဲ့ပြီး KNLA နှင့် KNDO ဘက်မှ အယောက် ၃၀ ကျဆုံး

Author လင်းခိုင်
Categories
Published on Dec 06, 2022

ယခုနှစ်နို၀င်ဘာလအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၃၃၃ ယောက်သေဆုံးခဲ့ပြီး KNLA နှင့် KNDO ဘက်မှ အယောက် ၃၀ ကျဆုံးခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၁ နယ်မြေတွင် တိုက်ပွဲကြီးငယ်ပေါင်း ၃၃ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၄၄ ဦးကျဆုံးပြီး ၄၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကား ၁၁စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီက ပြည်သူလူထု နေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် အကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်ခြင်းကြောင့် ပြည်သူ သုံးဦးသေဆုံးခဲ့ကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲသည့်အပြင် နယ်ခြားစောင့်တပ်မှ ဗိုလ်တင်၀င်းသည် ပလောဖိုဒို အခြေစိုက်တပ်စခန်းပြုပြင်ရန် ဖားအံမြို့နယ်အတွင်းရှိ ပြည်သူများကို အတင်းအဓမ္မ ခိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေတွင် တိုက်ပွဲကြီးငယ်ပေါင်း ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ စစ်ကား ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊စစ်ကောင်စီက ပြည်သူလူထု နေအိမ်များသို့ ၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံးပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အုပ်ချုပ်နယ်မြေတွင် နို၀င်ဘာလအတွင်း တိုက်ပွဲကြီးငယ် အကြိမ် ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးကာ ၂၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA နှင့် KNDO တို့မှ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီသည် ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၃၄ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး လူနေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးရုံများ ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁၂ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဘိတ်-ထား၀ယ်ခရိုင် တပ်မဟာ ၄ နယ်မြေအတွင်း တိုက်ပွဲကြီးငယ် ၄၁ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်ကား ၆ စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီသည် ပြည်သူများနေထိုင်သည့်ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အတွက် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ၇ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း တိုက်ပွဲကြီးငယ် ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၆၉ ဦးသေဆုံးကာ ၅၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ပြီး ဒူးပလာခရိုင် တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတါင်း တိုက်ပွဲကြီးငယ် ၅၃ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၇၉ ဦးသေဆုံးပြီး ၈၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA နှင့် KNDO တို့မှ စစ်ကောင်စီတပ်၏ ရဲစခန်း နှစ်ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရဲ ၄ ဦးကိုလည်း အရှင်းဖမ်းမိသည့်အပြင် ဝေါလေရဲစခန်းမှ ရဲ နှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့ကာ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်း၀င်ရောက်ခဲ့သည်။

တပ်မဟာ ၆ နယ်မြေအတွင်းသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

နို၀င်ဘာလအတွင်း KNLA ၊ KNDO တို့နှင့် စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်များ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် KNLA နှင့် KNDO မှ ရဲဘော် အယောက် ၃၀ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲံရပြီး ၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- KNU
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNU