နိုင်ငံအတွင်း CNG ဂတ်စ်လုံလောက်မရရှိသော်လည်း စစ်ကောင်စီက တရုတ်နှင့် ထိုင်းသို့ တင်ပို့ရောင်းချ၍ ဝင်ငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ
🖋အောင်နိူင်သူ
မြန်မာနိုင်ငံအတွင်း CNG ဂတ်စ်လုံလောက်စွာမရရှိသော်လည်း စစ်ကောင်စီက တရုတ်နှင့် ထိုင်းသို့ ဓာတ်ငွေ့တင်ပို့ရောင်းချမှု ၂၀၂၂ ခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ ၄ လ အတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာမှာ သြဂုတ်လ ၂၅ရက်က ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ ၄ လ အတွင်း သဘာဝဓာတ်ငွေ့ ကီလိုလီတာ ၇၇ ဒသမ ၈၉ သန်းတင်ပို့ခဲ့ပြီး အဓိကအားဖြင့် ကန်းလွန်စီမံ ကိန်း လေးခုဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ရွှေနဲ့ ဇောတိကစသည့် ဓာတ်ငွေ့စီမံကိန်းလုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တင်ပို့ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လက ရန်ကုန်တွင် CNG ဂတ်စ်များလုံလောက်စွာမရရှိ၍ YBS ယာဥ်များမပြေးဆွဲနိူင်ကာ ပရဟိတကားတွေက ဝိုင်းဝန်းကူညီပေးခဲ့ရသည်ဟု YBS ယာဥ်မောင်းတစ်ဦးက ပြောသည်။
“ဒါကများတာပေါ့ ပြည်တွင်းမှာ လုံလောက်စွာမပေးဘဲပြည်ပကို ရောင်းချတာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ် အခုချိန် CNG ဂတ်စ် ရဖို့ကားတွေဘယ်လိုတန်းစီရလဲဆိုတာ သိစေချင်တယ်”ဟုရှင်းပြသည်။
သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသည့် လအလိုက် နိုင်ငံခြားဝင်ငွေများမှာ ပြီးခဲ့သည့် ဧပြီလတွင် ၁၃၅ သန်း၊ မေလတွင် ၁၉၄ သန်း၊ ဇွန်လတွင် ၂၈၆.၀၃၃ သန်းနှင့် ဇူလိုင်လတွင် ၂၀၄.၄၇ သန်းရရှိခဲ့ကြောင်း ဝါဒဖြန့်သတင်းမှာဖော်ပြထားသည်။
စစ်ကောင်စီတပ်အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းတိုင်းပြည်ရှိ မြေပေါ်မြေအောက်သယံဇာတများကို လိုသလို ရောင်းချနေသည်မှာ တိုင်းပြည်အတွက်မဟုတ်ဘဲ သူ့မိသားစုအကျိုးစီးပွားအတွက်သာဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်သစ်သစ်နာမည်ကြီး စွမ်းအင်ကုမ္ပဏီ Total Energies မှာ ရတနာစီမံကိန်းမှ ထွက်ခွာသွားခဲ့ပြီးနောက် ၎င်းနေရာတွင် ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
ထိုင်းအစိုးရပိုင် PTTEP ကုမ္မဏီသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ၈၀ ရာခိုင်နှုန်းခန့်အား ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက် ၁၄ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များဖြစ်သည်။