နိုင်ငံရေး မျှော့သတ္တဝါများ

Author အယ်ဒီတာ့အာဘော်
Categories
Published on Aug 31, 2022

မျှော့ဟူသည့် သတ္တဝါသည် သွေးစုတ်သတ္တဝါ အမျိုးအစားဖြစ်သည်။ ၎င်းတို့ ရှင်သန်ရေးအတွက် သွေးစုတ်လေ့ရှိပြီး ဗွက်အိုင်များ ရွှံ့နွံများအတွင်း နေထိုင်တတ်သည်။ ကျောရိုးရှိ သွေးနွေးသတ္တဝါများ၏ ကိုယ်ခန္ဓာကို တယ်ကပ်ပြီး သွေးစုတ်လေ့ရှိသည်။ သွေးဝလာလျှင် ဖောင်းပွကာ အလိုလျှောက် ကွာကျသွားတတ်သည်။ ၎င်းတို့ တွယ်ကပ်လာသည်တွေ့ရှိရလျှင် ဆားဖြင့်တို့ပေးရသည် ဆားတို့လျှင် သူတို့မခံနိုင်ဘဲ ကွာကျသွားတတ်သည်။ ၎င်းတို့သည် ၎င်းတို့ရှင်သန်ရေးအတွက် လူဖြစ်စေ၊ ကျွဲနွားတိရစ္ဆာန်ဖြစ်စေ၊ ခွေးဖြစ်စေ မည်သည့်အရာကိုမှ ရှောင်ရှားခြင်း မပြုဘဲ သွေးစုတ်လေ့ရှိသည်။

၎င်းတို့အတွက် အရေးပါသည်မှာ သွေးပဲဖြစ်သည်။ သွေးစုတ်ရမည်ဆိုလျှင် အနာပုတ်များပင်မရှောင် သွေးစုတ်လေ့ရှိသောကြောင့် ရှေးခေတ်ဆရာဝန်များမှာ မျှော့များကို အနာပုတ်များ သွေးစုတ်ရန်အတွက်ပါ အသုံးပြုလေ့ရှိသည်။

မိမိရှင်သန်ရပ်တည်ရေး အဆင်ပြေစေရေးအတွက် မည်သည့်အရာကိုမျှ မရှောင်ရှားပဲ လုပ်ဆောင်လေ့ရှိသည့် နိုင်ငံရေးသမားအချို့ကိုလည်း နိုင်ငံရေး မျှော့သတ္တဝါများဟုပင် ခေါ်ဆိုထိုက်သည်။

၂၀၁၂ခုနှစ်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်ရလာချိန်တွင် ထိုကဲ့သို့ နိုင်ငံရေးမျှော့သတ္တဝါများ များစွာပင် ပေါ်ထွက်လာခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာကို နဖူးတွင် ဆေးမှင်ကြောင်မထိုးရုံတမည် ချစ်ပြသည်။ ပြည်သူဆိုသော စကားလုံးကို နှုတ်ဖျားမှ မချကာ ခေတ်အဆက်ဆက် စုတ်ယူထားသည့် သွေးပုတ် ငွေကြေးများကို လမ်းခင်းကာ နိုင်ငံရေးလောကသို့ တိုးဝင်ခဲ့ကြသည်။

ခေတ်အဆက်ဆက် အနစ်နာခံခဲ့ရသူ နိုင်ငံရေးသမားများသည် စီးပွားရေးများပျက်စီးကာ ရပ်တည်နိုင်စွမ်း ခက်ခဲချိန်တွင် ၎င်း နိုင်ငံရေးမျှော့သတ္တဝါများသည် ခေတ်ကောင်းကာ လက်ခမောင်းခတ်ခဲ့ကြသည်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာကို နဖူးတွင် ဆေးမှင်ကြောင်မထိုးရုံတမည် ချစ်ပြခဲ့ကြသည့် နိုင်ငံရေးမျှော့သတ္တဝါများသည် ဇာတိများအား ထုတ်ပြလာခဲ့သည်။ ပြည်သူများထံမှ သွေးစုတ်ရန် မဖြစ်နိုင်တော့ချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ သွေးစုတ်ရန် စစ်ကောင်စီနှင့် တဖန် ပြန်လည်ပူးပေါင်းခဲ့ပြန်သည်။

ဩဂုတ်လ ၂၆ရက်နေ့တွင် ပဲခူးရိုးမအနောက်ခြမ်း၌ တပ်စွဲထားသည့် ကြို့ပင်ကောက် PDFစခန်း တစ်ခုကို စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့သည်။ ယင်းကဲ့သို့ ဝင်ရောက်စီးနင်းခြင်း ခံခဲ့ရသည်မှာ ကြို့ပင်ကောက် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးအောင်ကိုမင်းမှ စစ်ကောင်စီနှင့် ပူးပေါင်းကာ သတင်းပေးမှုကြောင့်ဟုဆိုသည်။ ၎င်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးအောင်ကိုမင်းကို တိုင်းဒေသကြီးဝန်ကြီးတစ်ဦးက စည်းရုံးခြင်းကြောင့် ယခုလို သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နိုင်ငံရေးမျှော့သတ္တဝါများမှာ ပြည်သူ့ထံမှသွေးစုတ်ရန် မဖြစ်နိုင်ချိန်တွင် ပြည်သူကို သစ္စာဖောက်သည်မှာ မဆန်းလှပေ။

မကြာသေးမှီရက်ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးနှင့် ကြံ့ဖွံပါတီမှ တိုင်းဒေသကြီးဝန်ကြီးဟောင်း တစ်ဦး ရန်ကုန်မြို့ရှိ ရေဒီယိုဘားတွင် အတူယှဉ်တွဲ ဓာတ်ပုံရိုက်ထားသည့် ပုံတစ်ပုံထွက်ပေါ်ခဲ့သည်။

မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးနှင့် ကြံ့ဖွံပါတီမှ ဧရာဝတီတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုတို့ အတူတွဲရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။

ဧရာဝတီတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားချက်အရ ဒေါ်ခိုင်ဇင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် နေရာပေးရန်အတွက်ပါ လျာထားခြင်း ခံရသူဖြစ်သည်ဟုဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီထံ လက်မှတ်ရေးထိုး နိုင်ငံရေး ပင်စင်ရယူခံစားကာ ၎င်းဇာတိမြို့တွင် အရက်ဘားတစ်ခုဖွင့်လှစ်ထားသည်ဟု သိရသည်။

“အရင်က ပြည်သူ့အကျိုးဆိုတာကို ပါးစပ်က တစ်ပြားသားမလျှော့တာ၊ လက်မှတ်ထိုးပြီး တိတ်တဆိတ်နေရင် ဘာမှမပြောသေးဘူး၊ အခုကျတော့ ဦးဝင်းကိုကိုနဲ့ပါ ဘားအတူတူတက်နေတယ်ဆိုတာကတော့ ရွံ့ရှာဖွယ်ပါပဲ၊ ဘောက်ချာတွေပေါ့၊ နိုင်ငံရေးကို ခွေးတိုးပေါက်က ဝင်ခဲ့သူတွေရဲ့ ထုံးစံပေါ့”ဟု ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဦးကျော်ကျော်မှ မှတ်ချက်ပြုသည်။

ဆက်လက်၍ ဧရာဝတီတိုင်းကိုသာ ညွှန်းရမည်ဆိုလျှင် ငပုတောလွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် အာဏာသိမ်းပြီးစ အချိန်တွင် စစ်ကောင်စီအား လက်နက်ကိုင် တိုက်ခိုက်ရန် ကြိုးပမ်းပြီးနောက် ဇနီးနှင့်မိသားစု ဖမ်းဆီးခံရချိန်တွင် စစ်ကောင်စီအား လက်မှတ်ရေးထိုးကာ အလင်းဝင်လာသူဟု လုပ်ဆောင်ခဲ့သူဖြစ်သည်။

အလင်းဝင်လာသည်ဟုဆိုသည့် စစ်ကောင်စီမှ လုပ်ဆောင်သည့်ပွဲတွင် စစ်တပ်ကောင်းကြောင်းများကို ပြောဆိုပြီးနောက် ဆက်လက်ကာ ၎င်းနှင့်ထပ်တူ နိုင်ငံရေးမျှော့များကို ကာကွယ်ပေးကာ တော်လှန် ရေးအင်အားစုများကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။

နိုင်ငံရေးမျှော့များအပြင် တော်လှန်ရေးမျှော့များစွာလည်း ရှိသည်။ တော်လှန်ရေးအောင်မြင်နိုင်ရန်အတွက် ယင်းမျှော့များကို ဖယ်ရှားရမည်ဖြစ်သည်။ တော်လှန်ရေးတပ်ဦးသဖွယ်ဖြစ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှလည်း Non CDMများကို အမည်ပျက်စာရင်း ကြေညာသကဲ့သို့ တော်လှန်ရေးမျှော့များကိုလည်း ကြေညာရမည်ဖြစ်သည်။

နိုင်ငံရေးမျှော့များကိုလည်း ပြည်သူများ ထင်ရှားစွာသိရှိနိုင်ရေးအတွက် မပူးပေါင်း မပက်သက်စေရေးအတွက် CRPHကဲ့သို့သော အဖွဲ့အစည်းများမှ နိုင်ငံရေးမျှော့များဖြစ်ကြောင်းကို ကြေညာပေးရမည်ဖြစ်သည်။

တော်လှန်ရေးအောင်မြင်ခဲ့သည့် အချိန်တွင်လည်း အတိတ်ကို နမူနာရယူကာ နိုင်ငံရေးမျှော့များ ထပ်မံမပါဝင်လာစေရန် စိစစ်လုပ်ဆောင်ရန် လိုအပ်ပေသည်။