နိုင်ငံရေး ကြိုးပမ်းမှု လမ်းပိတ်သွားသည်နှင့် လက်နက်ကိုင် ခုခံတော်လှန်ခြင်းသည် နိုင်ငံရေးအမှန်တရားသာ ဖြစ်ကြောင်း KNU ဥက္ကဌပြောကြား

Author လင်းခိုင်
Categories
Published on Jan 30, 2023

 

နိုင်ငံရေး ကြိုးပမ်းမှု လမ်းပိတ်သွားသည်နှင့် လက်နက်ကိုင် ခုခံတော်လှန်ခြင်းသည် နိုင်ငံရေးအမှန်တရား သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ၊ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ ၇၄ ကြိမ်မြောက် ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားရေး ကြိုးပမ်းမှု၏ အဓိကရည်မှန်းချက်သည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖြစ်ကြောင်း၊ ကရင်အမျိုးသားရေး ကြိုးပမ်းမှုသည် နိုင်ငံရေးလှုပ်ရှားမှုများမှ စတင်ခဲ့ပြီး နောက်ပိုင်းတွင် လက်နက်ကိုင်ခုခံ တော်လှန်ရေးသို့ကူးပြောင်းခဲ့ရသည့် ခုခံတော်လှန်ရေး၏ အဓိကရည်ရွယ်ချက်သည် ယနေ့ထက်တိုင် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်များအတွက် မပြောင်းလဲ တည်ရှိနေဆဲပင်ဖြစ်သည်ဟု စောမူတူးစေးဖိုးက ပြောကြားသည်။

ကရင်အမျိုးသားလှုပ်ရှားမှု၏ ကနဦးအစသည် နိုင်ငံရေးနည်းလမ်းနှင့် ငြိမ်းချမ်းစွာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြစ်ကြောင်း၊ကရင်အမျိုးသားလှုပ်ရှားမှုသည် အခြားသောလူမျိုးများအား နိုင်လိုမင်းထက် ဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်လိုသည့် ရည်ရွယ်ချက်များ လုံးဝမရှိကြောင်း စောမူတူးစေးဖိုးက ဆိုသည်။

သို့ရာတွင် ရန်ကုန်မြို့ အလုံ၊ စမ်းချောင်းမှ အစချီပြီးလက်နက်ဖြင့် အကြမ်းဖက်ကာ ခြိမ်းခြောက်မှု အမျိုးမျိုးကြောင့် တစ်မျိုးသားလုံး၏ လုံခြုံရေးကို ထိပါးလာသည့်အတွက် မတတ်သာသည့် နောက်ဆုံးတွင် နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမှုများမှ တဆင့် မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်ဟု စောမူတူးစေးဖိုးက ပြောကြားသည်။

နိုင်ငံရေးအရ ကြိုးပမ်းမှုများအတွက် လမ်းပိတ်သွားခြင်းနှင့် ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်လာပါက လက်နက်ကိုင် ခုခံတော်လှန်ရေး ပေါ်ပေါက်လာမည်သာဖြစ်ပြီး၊ ထူးခြားပြီး အံ့သြစရာကောင်းသည့် အကြောင်းတရားမဟုတ်ပဲ နိုင်ငံရေးအမှန်တရား၏ သဘာဝဖြစ်စဉ်သာ ဖြစ်သည်ဟု စောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ကြောင့် ခုခံတော်လှန်ရေးကြီး ဧကန်မုချအောင်မြင်ရမည်ဖြစ်ကာ လူမျိုးအလိုက်၊ အစုအဖွဲ့အလိုက် လွတ်လပ်မှု၊ ရပိုင်ခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန်အသိအမှတ်ပြု လေးစားကြပြီး အပြန်အလှန် ကူညီရိုင်းပင်းနိုင်ရန်အတွက် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ထည့်သွင်းပြဌာန်းရမည်ဟု စောမူတူးစေးဖိုးက ထောက်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ၏ ဥပဒေအဖြစ် ပြောင်းလဲရမည်ဖြစ်ကာ၊ လူမျိုးတိုင်းနှင့် ပြည်သူတစ်ရပ်လုံးအတွက် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရမည်ဖြစ်ကြောင်း စောမူတူးစေးဖိုးက ဆိုသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ မိမိတို့ အမျိုးသားများနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအတွက် ဆုံးခန်းထိတိုင်အောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကာ၊ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် နိုင်ငံရေး အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ပိုမိုအားကောင်းရေးနှင့် အောင်မြင်နိုင်ရေးအတွက် အခြားသောလူမျိုးများ၊ အစုအဖွဲ့များနှင့် လက်တွဲပြီး နိုင်ငံရေးသတိဖြင့် ရည်မျန်းချက်ပန်းတိုင်ကို အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ရန် စောမူတူးစေးဖိုးက တိုက်တွန်းထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #KNU #စောမူတူးစေးဖိုး