နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီအတွက် အရေးပါနေသော ကတ်တစ်ခုဖြစ်ကြောင်း ISP စစ်တမ်းတွင် ဖော်ပြ

Author လင်းခိုင်
Categories
Published on Oct 15, 2022

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီအတွက် အရေးပါနေသော ကတ်တစ်ခုဖြစ်ကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၂ ရက်တွင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုနှစ်မှုနှင့်ပတ်သက်ပြီး နောက်ထပ် ပြစ်ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း၊ ထို့ကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၆နှစ်ရှိလာခဲ့ပြီဖြစ်ကာ နောက်ထပ် စွပ်စွဲမှုငါးမှု ထပ်မံရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေအဖြင့် အပြစ်မရှိကြောင်း တောက်လျှောက်ထွက်ဆိုထားပြီး၊ ချမှတ်ခံထားရသည့်အမိန့် များကို အယူခံတင်ရန်ရှိကြောင်း၊ ဆက်လက်ဖြစ်လာနိုင်သည့် အခြေအနေများကို ခန့်မှန်းရခက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချရုံဖြင့် သူမ၏နိုင်ငံရေး အခန်းကဏ္ဍသည် ပျက်ပြယ်သွားမည်မဟုတ်ကြောင်း ISP ကဆိုသည်။

ဖြစ်နိုင်ခြေတစ်ခုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသည့် အမှုများကို မြန်မြန်ဆုံးဖြတ်ပြီးနောက် မကြာခင် သက်တမ်းကုန်တော့မည့် အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ဆုတ်ခွန်းနှင့် ပေးတွေ့နိုင်သည့် အနေအထားရှိသည်ဟု ISP က ဖော်ပြထားသည်။

ထိုကဲ့သို့ပြုလုပ်ပါက အပြန်အလှန်အားဖြင့် အာဆီယံ ဘက်မှ စဉ်းစားချက်များပြောင်းလာနိုင်ပြီး၊ နို၀င်ဘာလတွင်ပြုလုပ်မည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို သက်ရောက်မှုရှိနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီအတွက် အရေးပါသည့် ကတ်တစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်း ISP Myanmar ကသုံးသပ်ထားသည်။
ဓာတ်ပုံ – google