နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ထပ်မံထောင်ချခြင်းကို EUက ထုံးစံအတိုင်း သဘောထားထုတ်ပြန်လာ ပြန်

Author လင်းခိုင်
Categories
Published on Sep 30, 2022

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ထပ်တိုး သုံးနှစ်ချမှတ်ခြင်းသည် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားသူများကို ဖယ်ထုတ်ရန်လုပ်ဆောင်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိ၏ သဘောထားထုတ်ပြန်ချက်ကို ယနေ့ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂ၏ ရပ်တည်ချက်သည် ယခင်နှစ် ဒီဇင်ဘာ ၆ရက်၊ ယခုနှစ် ဇန်နဝါရီ ၁၁ရက်နှင့် ဧပြီ ၂၇ရက်တွင်ဖော်ပြခဲ့သည့်အတိုင်း သူမအပေါ် အမှုစစ်ဆေးစီရင်ချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်မှုသက်သက်သာဖြစ်သည်ကို ထပ်လောင်းပြောကြားအပ်သည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ လုပ်ဆောင်ချက်များသည် အာဆီယံ၏ သဘောတူညီချက်ငါးရပ်တွင် တောင်းဆိုထားသည့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဥ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များကိုဖယ်ထုတ်ရန် လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်သည်ဟု သဘောထားထုတ်ပြန်ချက်တွင်ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားသူများပါဝင်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုသည်သာ လက်ရှိအကျပ်အတည်းမှ လွတ်မြောက်နိုင်မည့်နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု EUကထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းသုံးနှစ်အပါအဝင် ထောင်ဒဏ် ၂၃နှစ်ချမှတ်ထားပြီး နောက်ထပ်အတုအယောင်စွဲချက်များနှင့်ရင်ဆိုင်နေရကာ ယင်းစွဲချက်များ၏ ရည်ရွယ်ချက်မှာ သိသာရှင်းလင်းနေကြောင်း သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အာဏာသိမ်းမှုဖြစ်စဥ်အစကပင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်ကိုလည်း EUကထပ်မံတောင်းဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေး ရှောင်တာနယ်အပါအဝင် ၅ဦးကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းတွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) ဂ ဖြင့်ထောင်ဒဏ် သုံးနှစ်စီအမိန့်ချခဲ့ခြင်းဖြစ်သည်။

Related News

Depend on news