နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီမရသေးခြင်းကြောင့် CDMများကိုကူညီရန် ခက်ခဲနေဟု NUGဆို

Author လင်းခိုင်
Categories
Published on Sep 28, 2022

နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများမရသေးခြင်းကြောင့် CDMများကို ကူညီရန် ခက်ခဲနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

စက်တင်ဘာ ၂၇ရက်တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆၉ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးချုပ်က တော်လှန်ရေးတွင်အရေးပါသည့် CDMများအတွက် CDM Success Committeeတွင် ဝိုင်းဝန်းဆွေးနွေးကြောင်း ကော်မတီအနေဖြင့် CDMအထောက်အပံ့ပြုနိုင်သည့် အခြေအနေများကိုတင်ပြပြီး မဖြေရှင်းနိုင်သည့်အခက်အခဲများကိုဆွေးနွေးထားကြောင်း ပြောကြားသည်။

“အားလုံးသိတဲ့အတိုင်း နိုင်ငံတကာက လူသားစာနာအကူအညီမျိုးတွေ မရဘဲနဲ့တော့ ကျွန်တော်တို့ သူရဲကောင်း CDM တွေအားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေဖြစ်နေရဦးမှာပါပဲ။ ဒါကြောင့် ဒီနည်းလမ်းနဲ့မရရင် နောက်နည်းလမ်းသုံး ပြီး ဝိုင်းဝန်းကြိုးစားအားထုတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားသည်။

ထို့ပြင် ဝန်ကြီးချုပ်ရုံးမှ တာဝန်ယူထားသည့် ဌာန ၁၀ခုထဲက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနသည် စိုးမိုးထိန်းချုပ်နယ်မြေအချို့တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍတစ်ခါမဖြစ်မနေလိုအပ်လာတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဌာန CDMများနှင့်တွေဆုံပြီး တော်လှန်ရေးလိုအပ်ချက်ရှိသည့်နေရာများတွင် ဖြည့်ဆည်းနိုင်ရန် စီစဥ်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားသည်။

ယင်းအပြင် စိုးမိုးထိန်းချုပ်နယ်မြေ များများရှိလာသည့်နောက် အစိုးရအုပ်ချုပ်ရေးအင်အားကို အကောင်အထည်ဖော်နိုင်ရန် CDMများ၏ အင်အားကို လိုအပ်လာမည်ဖြစ်ပြီး၊ တော်လှန်ရေးကာလဖြစ်သည့်အတွက် လုပ်ဆောင်ရမည့်ကိစ္စများသည် အချိန်နှင့်အမျှပြောင်းလဲ စီမံဆောင်ရွက်ရနေရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားသည်။

ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံဆောင်ရွက်ရန်ပြင်နေသည့် တစ်နှစ်တာ လုပ်ငန်းစဥ်များရှိနေပြီဖြစ်ပြီး ဝန်ကြီးဌာနအလိုက် စနစ်တကျ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်စီမံနေကြောင်း ၎င်းကပြောကြားသည်။