နာရီပေါင်း (၆၀)အတွင်း ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့မှ စစ်ကောင်စီ၏ စခန်းပေါင်း (၅၇)ခုထိ သိမ်းယူနိုင်ခဲ့ တစ်နာရီနှင့် ၁၀မိနစ်အချိန်တိုင်း စစ်ကောင်စီမှ စခန်းတစ်ခု လက်လွှတ်နေရ
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင့် (ULA/AA) တို့ရဲ့ အောက်တိုဘာ (၂၇) ရက်နေ့မှာ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးဟာ ဆက်လက်အရှိန်မြင့်တက်နေပြီး ယခုလက်ရှိအချိန်ထိ သိမ်းယူနိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းကလည်း (၅၇) ခုအထိရှိလာပြီလို့ The Kokang ရဲ့ ဖော်ပြချက်အရသိရပါတယ်။
The Kokang ဖော်ပြချက်အရဆိုရင် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာ (၂၇) ရက်နေ့မှာ စခန်းပေါင်း (၃၀) ထက်မနည်းသိမ်းနိုင်ခဲ့သလို၊ ယမန်နေ့ (အောက်တိုဘာ ၁၈) မှာတော့ စစ်ကောင်စီတပ်စခန်း (၁၅) ခုဝန်းကျင် သိမ်းနိုင်ခဲ့ပါတယ်။ ဒီနေ့ မနက် (၁၁) နာရီဝန်းကျင်အထိကတော့ ထပ်မံသိမ်းယူနိုင်ခဲ့တဲ့ စခန်းက (၁၁) ခုထက်မနည်းရှိခဲ့ပြီး နှစ်ရက်နဲ့ နေ့တစ်ပိုင်းအတွင်းမှာပဲ ညီနောင်မဟာမိတ် သုံးဖွဲ့ သိမ်းယူနိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ (၅၇) ခုအထိရှိလာခဲ့တာလည်းဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ (၂၇) ရင်တစ်ရက်အတွင်းမှာပဲ ကွတ်ခိုင်ခရိုင်၊ မူပန်ခရိုင်၊ မုံးကိုးဒေသ ကြာမိန်ခုတ်၊ နမ်ဖာရှမ်း၊ ကန့်ဝမ်ထန်ရွာ၊ ခုမာရွာ၊ ကြာကြည်ရှုဒေသနဲ့ လားရှိုးဝန်းကျင် တစ်ဝိုက်က စခန်းပေါင်း (၃၀) ကျော်ကို သိမ်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်သား ရာကျော်သေဆုံးပြီး သုံ့ပန်း (၁၀) ဦးနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း မဟာမိတ်တပ်တွေဘက်က သိမ်းဆည်းရမိခဲ့ပါသေးတယ်။
မနေ့ကတော့ (အောက်တိုဘာ ၂၈) လာရှိုး နမ့်ဆလပ် ရဲစခန်းအပါအဝင် တံရှမ်းဒေသ၊ ရန်သက်ရှင်း တောင်ကုန်း၊ မုံကိုးခရိုင် မန်ယန်ဒေသ စတဲ့ နေဂာတွေမှာ ထိုးစစ်ဆင်မှုတွေလုပ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း (၁၅) ခုထက်မနည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အောင်မြင်မှု ကြီးကြီးမားမားအဖြစ် စစ်ကောင်စီရဲ့ သံချပ်ကာကား (၂) စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို လေကြောင်းကနေ စစ်ကူလာချပေးတဲ့ စစ်ကောင်စီတပ်သား (၈၀) မှာလည်း အယောက် (၇၀) ကျော် သေဆုံးတဲ့ထိ တိုက်ခိုက်ခဲ့ပြီး သုံးဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခြားတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား နောက်ထပ် (၁၅) ဦး သေဆုံးခဲ့ပြီးနမ့်ဆလပ်ရဲစခန်းကနေ မြန်မာငွေ ကျပ်သိန်း (၂၀၀) ကျော်ရှိတဲ့ ငွေကြေးအပြင် အခြားပစ္စည်းတွေကိုလည်းသိမ်းဆည်းရခဲ့တယ်လို့ The Kokang မှာ ဖော်ပြပါတယ်။
ဒီကနေ့ မနက် (၁၁) နာရီဝန်းကျင် အထိကတော့ မုံးကိုး၊ ကိုးကန့်၊ လာရှိုး၊ မူပန်၊ နမ့်ဆလပ်စတဲ့ နေရာ တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း (၁၁) ခုထိ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံးပန့် (၁၁) ဦးလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ကွမ်ယုံပေါက်ပေါက်တောင်ကုန်း ပေါ်ကာစခန်းသိမ်းတိုက်ပွဲမှာ ဒရုန်းကိုနှောင့်ယှက်စေနိုင်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တဲ့အပြင် ကိုးကန့်တပ်ဖွဲ့တ်ုကခိုက်မှုကြောင့် စစ်ကောင်စီလက်က စကခ (၁၆)ရဲ့ စကခမှူးပါ သေဆုံးခဲ့တယ်လို့ သတင်းရတဲ့အတွက် အတည်ပြုနိုင်ဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ The Kokang က ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ နှစ်ရက်နဲ့ နေ့တစ်ပိုင်းဖြစ်တဲ့ နာရီပေါင်း (၆၀)အတွင်း တစ်နာရီနှင့် ၁၀မိနစ်အချိန်တိုင်းတွင်း အခြေစိုက်စခန်းတစ်ခုနှုန်းဖြင့် စခန်း (၅၇) ခုလက်လွှတ်လိုက်ရပြီး အထိနာနေတဲ့ စစ်ကောင်စီဘက်က ဒီနေ့မနက် အစောပိုင်းမှာပဲ ကိုးကန့်၊ ချင်းရွှေဟော်ဒေသမှာရှိတဲ့ မာလီဖင်ကျေးရွာနဲ့ ညိုဖင်ကျီပရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့ကာ လူအသေအပျောက်တော့ မရှိဘူးလို့ The Kokang ရဲ့ ထုတ်ပြန်ချက်မှာ ဆက်ပြီးဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာ (၂၇) ကနေ စတင်ပြီး ရှမ်းမြောက် တခွင်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တကျော့ပြန်စစ်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး အခြားမဟာမိတ်တပ်တွေကလည်း စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်တုန်းကလည်း နောင်ချို ကျောက်ကြမ်းရွာမှာရှိတဲ့ စစ်ကောင်စီတက်စခန်းတစ်ခုကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့ပါသေးတယ်။