နအဖခေတ်က ကဲ့သို့ ရန်ကုန်တွင် တစ်အိမ်တစ်ယောက် ကင်း‌စောင့်ရန် စစ်ကောင်စီ ဖိအားပေးနေ

Author ကိုထက်
Categories
Published on Feb 03, 2024

အာဏာရှင်ဟောင်း ဦးသန်းရွှေ ဦးဆောင်ခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ခေတ်ကကဲ့သို့ ရန်ကုန်တွင် ယခုနှစ်စကစပြီး ရပ်ကွက်၊ လမ်းများတွင် တစ်အိမ်တစ်ယောက်ကင်းစောင့်ရန် စစ်ကောင်စီက ဖိအားလိုက်ပေးနေကြောင်း မြို့ခံများက ပြောသည်။

 

ပြည်သူ့လုံခြုံရေးဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှေ့တွင် နေရာများပြုလုပ်ပြီး ကင်းစောင့်ရမည်ဟု ရာအိမ်မှူးများက လိုက်လံပြောနေကြောင်း ဆိုသည်။

 

“ရာအိမ်မှူးတွေက လိုက်ပြောနေတာ။ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် အထက်ကညွှန်ကြားတယ်ပေါ့။ တစ်အိမ်တစ်ယောက်စောင့်ရမယ်။ လူစားထိုးစောင့်ချင်ရင် ၅၀၀၀ကနေ ၁၀၀၀၀လောက် စောင့်ပေးတဲ့သူကို ပေးရမယ်ပေါ့။ မိသားစုစာရင်းတွေလည်း ကောက်သွားတာတွေလည်း ရှိတယ်။”ဟု မရမ်းကုန်မြို့နယ်နေသူတစ်ဦးက ပြောသည်။

 

ထို့ပြင် အဆောင်များကိုလည်း နေ့စဉ် ဧည့်စာရင်း ဝင်စစ်နေပြီး၊ အဆောင်တစ်ခုကို တစ်ယောက် နေ့တိုင်းကင်းစောင့်သည့်အထဲ ပါဝင်ရမည်ဟု ဖိအားပေးနေသည်။

 

“အိမ်ပိုင်တွေကိုပဲလုပ်ခိုင်းတယ်ထင်တာ၊ ကျွန်တော်တို့ အဆောင်တွေကိုလည်း ညတိုင်းလိုလို ဧည့်စာရင်းဝင်စစ်ပြီး၊ မင်းတို့အဆောင်ကလည်း တစ်ဆောင်ကို တစ်ယောက်ထွက်‌စောင့်ရမယ်။ အထက်ကပြောတာ၊ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်လို့ ရာအိမ်မှူးက ပြောသွားတယ်။”လှိုင်သာယာမြို့နယ်က အဆောင်နေသူတစ်ဦးက ပြောသည်။

 

ယခုရက်ပိုင်းများတွင် စစ်ကောင်စီက မြို့နယ်အတော်များများတွင် လူဦးရေစာရင်းများကောက်ယူနေပြီး၊ ပြည်သူ့စစ်ထဲပါဝင်ရမည်အထင်ဖြင့် ပြည်သူများ စိုးရိမ်နေသည်။

 

အာဏာသိမ်းမှု ၃နှစ်ပြည့်သည့်နေ့ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြို့နယ်များတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့ရမည်ဟု ပြောကြားထားမှုလည်း ရှိသည်။

 

အာဏာရှင်ဟောင်း ဦးသန်းရွှေ ဦးဆောင်ခဲ့သည့် နအဖခေတ်တွင် မြန်မာနိုင်ငံအတွင်းရှိ မြို့အသီးသီး ရပ်ကွက်များအားလုံးတွင် လမ်းအလိုက် တစ်အိမ်လျှင် တစ်ဦး နေ့စဉ် အလှည့်ကျ ကင်းစောင့်ရသည့် ဖြစ်စဉ်များ ရှိခဲ့ပြီး ကင်းစောင့်လိုခြင်း မရှိသည့် နေအိမ်များသည် လူစားထိုးငှါးရမ်းရသည်။ ယင်းသို့ လူစားထိုး ငှါးရမ်းရန်အတွက် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့အား ပိုက်ဆံပေးရပြီး အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ အိမ်ခြေယာမဲ့များ ခိုးဆိုလုယက်များနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်ဟုဆိုသူများကို ပိုက်ဆံပေးကာ လမ်းအတွင်းရှိ ကင်းတဲတွင် ညအိပ်ရန် ခိုင်းစေသည့် ဖြစ်စဉ်များ ရှိခဲ့သည်။