နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးဝင်းနိူင်ဦး နေအိမ်ဗုံးပေါက်ပြီးနောက် နေပြည်တော်သို့ ရှောင်ပြေးနေထိုင်

Author ကိုပေါက်
Categories
Published on Jan 16, 2023

 

မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦး၏ နေအိမ်ရှေ့တွင် ယမန်နေ့ညက ဗုံးပေါက်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရှောင်ပြေးသွားခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

မုဒုံမြို့ အမှတ် ၃ ရပ်ကွက် ဦးစံဖေလမ်းတွင် နေထိုင်သည့် အငြိမ်းစား ဗိုလ်မှူးကြီးဝင်းနိုင်ဦး ၏ နေအိမ်ရှေ့တွင် ယမန်နေ့ည ခြောက်နာရီက ဗုံးပေါက်ကွဲပြီးနောက် နေပြည်တော်သို့ ပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“သူတစ်ယောက်ထဲ ပြောင်းသွားတာလို့ ကြားတယ် ရေးဘီလူးအဖွဲ့ကလည်း လက်သံပြောင်နေတော့ သူကကြောက်နေတာ အဲ့ဒါကြောင့်နေပြည်တော်ကို ပြေးတာ”ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုမှာ လူထိခိုက်မှုမရှိသော်လည်း ဗိုလ်မှူးကြီးဟောင်း စီးလာသည့်ကားမှာ ပျက်စီးမှုများရှိ၍ ကြောက်လန့်၍ ထွက်ပြေးသွားတာဖြစ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platform ကိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ဗိုလ်မှုးကြီးဟောင်း အပြင်မှပြန်လာသည့်အချိန်တွင် အိမ်ခြံဝအနီးကနေ အဝေးထိန်း (Remote Control) မိုင်းဖြင့် ဖေါက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်သည်ဟု မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) မှ ထုတ်ပြန်ထားသည်။

ဗိုလ်မှူးကြီးဟောင်းဝင်းနိုင်ဦးမှာ ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မုဒုံမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ဗိုလ်မှူးကြီးဟောင်း ဝင်းနိုင်ဦးမှာ နေပြည်တော် စစ်မှုထမ်းဟောင်းဌာနချုပ်တွင် ယာယီ နေထိုင်နေသည်ဟု စစ်တပ်နှင့်နီးစပ်သူတွေဆီက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်ကလည်း မုဒုံမြို့နယ် ၄ ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်မြင့် နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မွန်ပြည်နယ် #ဗိုလ်မှူးကြီးဝင်းနိုင်ဦး #ဗုံးပေါက်