နယ်မြေရှင်းလင်းရေးလုပ်စဉ် ရုပ်အလောင်းတစ်ခု၌ ဗိုလ်မှူးချုပ်အဆင့်တံဆိပ်ကို တွေ့ရသဖြင့် နောက်ထပ်ဗိုလ်မှူးချုပ်တစ်ယောက်ကို ထပ်မံရှင်းလင်းနိုင်ခြင်း ဖြစ်နိုင်သည်ဟု MNDAA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 09, 2023

ရှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်တပ် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို ကိုးကန့်တပ်များက လိုက်လံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ (၇) ရက်နေ့တွင် ကိုးကန့်ဒေသ လိမ်ရှမ်နှင့် ရှောက်ပိုက်အိုက်နေရာတွင် စစ်ကောင်စီ တပ်သား (၁၁) ယောက်ကို ချေမှုန်းနိုင်ခဲ့ပြီး ရုပ်အလောင်းများကို စစ်ဆေးရာတွင် တပ်ကြပ်ယူနီဖောင်း ဝတ်ဆင်ထားသော ရုပ်အလောင်းတွင် ဗိုလ်မှူးချုပ်အဆင့်တံဆိပ်ကို တွေ့ရသဖြင့် နောက်ထပ် ဗိုလ်မှူးချုပ်တစ်ယောက်ကို ကိုးကန့်တပ်များ ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကိုးကန့်တပ် (MNDAA) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကန့်တပ်များသည် ဒီဇင်ဘာ (၆) ရက်နေ့ကလည်း အညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများထဲမှ အချို့ကို ချေမှုန်းနိုင်ခဲ့ပြီး တွေ့ရှိရသည့် ရုပ်အလောင်းထဲတွင် အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ် (စကခ) ၏ စကခမှူး ‌ဗိုလ်မှူးချုပ်အောင်ဇော်လင်းကို တွေ့ရသည်ဟု ရုပ်အလောင်း ဓာတ်ပုံနှင့်တကွ ဒီဇင်ဘာ (၇) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ ဗိုလ်မှူးချုပ်အောင်ဇော်လင်း ကျဆုံးသည့်သတင်းမှာ မမှန်ကန်ဘဲ ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် သက်ရှိထင်ရှားရှိနေပြီး တပ်ရင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးတာဝန်များကို ကွပ်ကဲကြပ်မတ်လျက်ရှိသည်ဟု ငြင်းဆိုခဲ့သည့်အတွက် ကိုးကန့်တပ် (MNDAA) ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ရုပ်အလောင်းပြန်ပို့မည်ဟု တုံ့ပြန်ပြောဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်း မရှိကြောင်း သိရသည်။

 

ထို့အပြင်  ယနေ့ (ဒီဇင်ဘာ ၉) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဗိုလ်မှူးချုပ်အောင်ဇော်လင်းမှာ သက်ရှိထင်ရှားရှိနေပြီး တပ်ရင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးတာဝန်များကို ကွပ်ကဲကြပ်မတ်လျက်ရှိသည်ဟု ထပ်မံဖော်ပြထားပြီး ကိုးကန့်တပ်ထုတ်ပြန်ချက်ကို ငြင်းဆိုလျက်ရှိသည်။

 

ဒီဇင်ဘာ (၇) ရက်နေ့က ကိုးကန့်တပ်များ ချေမှုန်းနိုင်ခဲ့သည့် ဗိုလ်မှူးချုပ်အဆင့်တံဆိပ် ပါရှိနေသော ရုပ်အလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ်စစ်မှန်ကြောင်း အတည်ပြုနိုင်ခဲ့ပါက နှစ်ရက်အတွင်း ဗိုလ်မှူးချုပ်နှစ်ယောက်ကို  ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်လာမည်ဖြစ်သည်။

 

လက်ရှိအချိန်တွင် ကိုးကန့်တပ်များဘက်ကလည်း ဗိုလ်မှူးချုပ်အဆင့်တံဆိပ်သာ တွေ့ရပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုမှု မရှိသေးပေ။

 

လက်ရှိတွင် ကိုးကန့်တပ်များ အခြေစိုက်လှုပ်ရှားရာ ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့နှင့် စခန်းကုန်း လေးခု ဝန်းကျင်ကိုသာ စစ်ကောင်စီတပ်သားများ ထိန်းထားနိုင်ပြီး ကျန်ဒေသများကို ကိုးကန့်တပ်များက ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်သည်။ လက်နက်ချအညံ့ခံပါက ထုတ်ပြန်ထားသောထုတ်ပြန်ချက်များနှင့်အညီ ကောင်းမွန်စွာ ဆက်ဆံ၍ သွားလိုရာပို့‌ဆောင်ပေးမည်ဖြစ်သော်လည်း  လက်နက်ချအညံ့မခံဘဲ ဆက်လက်ပြီး ခုခံတိုက်ခိုက်နေပါက အပြီးသတ်တိုက်ခိုက်သွားမည်ဟု ကိုးကန့်တပ် (MNDAA) ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ဒီဇင်ဘာ (၂) ရက်နေ့က CJ Platform ၏ မေးမြန်းမှုကို ဖြေကြားထားသလို လက်တွေ့တွင်လည်း စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ်များက နေ့စဉ်ရက်ဆက် လိုက်လံချေမှုန်းလျက်လည်းရှိသည်။

 

ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) ကလည်း ကိုးကန့်တပ်များ သိမ်းထားသည့် လောက်ကိုင်မြို့အနီးရှိ တာရင်တောင် စခန်းကုန်းကို စစ်ကောင်စီတပ် အကြွင်းအကျန်များက အင်အားပြန်လည်စုစည်းကာ ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သည့်အတွက် ကိုးကန့်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သလို တုန်ချိန်ရပ်ကွက် ဝေ့ါဟူ အပန်းဖြေစခန်း၊ တာရင်တောင်အောက်ခြေနှင့် ရှောက်ရင်တောင်အောက်ခြေတွင် ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်သားများကို ရှင်းလင်းတိုက်ခိုက်ရာမှ တိုက်ပွဲများ ဖြစ်ပွားပြီး လက်နက်ခဲယမ်းအချို့သိမ်းနိုင်ခဲ့ပြီး ထိခိုက်ကျဆုံးစာရင်းကိုမူ အသေးစိတ်မသိရသေးဟု ကိုးကန့်တပ် ထုတ်ပြန်ချက်အရ သိရသည်။

 

အလားတူပင် ဒီဇင်ဘာ (၇) ရက်နေ့ကလည်း လောင်ရှုကုတ်နေရာတွင် ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပဲဖြစ်ပွားခဲ့သေးသလို ရှီးရှမ်းဒေသ ဖုန်ရွှင်တောင်၊ ရှောက်ကိုင်ကြည်၊ လိမ်ရှမ်နေရာတို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သလို ဗိုလ်ကြီးအဆင့်ရှိတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးတို့ကို ဖမ်းဆီးရမိသည်ဟု သိရသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ ယနေ့ (ဒီဇင်ဘာ ၉ ရက်) အထိ ရက်ပေါင်း (၄၄) ရက်အတွင်း ကိုးကန့်တပ်များသည် မြို့ ငါးမြို့၊ စစ်ကောင်စီတပ်စခန်းပေါင်း (၂၀၀) ကျော်အထိ သိမ်းပိုက်နိုင်ခဲ့ကာ ကိုးကန့်တို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် လောက်ကိုင်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေသည် ဟုလည်း သိရသည်။

 

ဓာတ်ပုံ – The Kokang

 

ပုံစာညွှန်း – တာရင်တောင်တိုက်ပွဲနှင့် ရှီရှမ်း‌ဒေသတိုက်ပွဲများအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ