နယ်မြေများစွာလက်လွှတ်ရပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌအား စစ်ကောင်စီမှ ဖယ်ရှားကာ ဗိုလ်မှူးချုပ်တစ်ဦးအား ပြောင်းလဲခန့်အပ်

Author CJ Platform
Categories
Published on Nov 16, 2023

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီအခြေစိုက်စခန်းများနှင့် နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးရပြီးနောက် စစ်ကောင်စီမှ ခန့်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ (ခ) လီကျိန်ဖူး အား ရာထူးမှ ဖယ်ရှားခဲ့ပြီး ယာယီဥက္ကဌအဖြစ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အား ပြောင်းလဲခန့်ထားခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

စစ်ကောင်စီသည် အာဏာသိမ်းယူပြီးနောက် ၂၀၂၁ခုနှစ် မတ်လ ၄ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ဦးမြင့်ဆွေ (ခ) လီကျိန်းဖူ ၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဦးခင်မောင်လွင် (ခ) ဘေရင်နယ်  (၂၀၀၉ခုနှစ်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အား ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ပယ်စောက်ချိန်(ခ) ဘေစော်ချိန်၏ သား) နှင့် အတွင်းရေးမှူးအဖြစ် ဦးမိုးဇော်လတ်တို့အား တာဝန်ပေးအပ်ခဲ့သည်။

 

စစ်ကောင်စီမှ ဥက္ကဌအဖြစ် အစားထိုး ခန့်အပ်ခဲ့သည့် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်သည် လက်ရှိ စစ်ရေးအရ တင်းမာနေသည့် ရှမ်းမြောက်ဒေသရှိ စစ်တပ်များအား ကွပ်ကဲနေသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်သည်။