နမ္မတူသိမ်းခံရပြီးနောက် သီပေါ-နမ္မတူ မြို့ဆက်တံတား စစ်ကောင်စီတပ် လာရောက်ဖောက်ခွဲဖျက်ဆီး

Author ခေတ်နီ
Categories
Published on Dec 29, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)က နမ္မတူမြို့ကို တအာင်းတပ် TNLA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် သီပေါနှင့် နမ္မတူမြိုနယ်တို့ကို ဆက်သွယ်ပေးထားသည့် မိုးတေချောင်းတံတား ဖောက်ခွဲခံရ၍ ပျက်စီးသွားကြောင်း တအာင်းတပ်မတော် TNLA နှင့် နီးစပ်သူများထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် အဆိုပါတံတား ဖောက်ခွဲဖျက်စီးခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ခမရ ၅၀၃ နှင့် ၅၀၄ တပ်တို့မှ လာရောက်မိုင်းထောင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းရင်းမြစ်က ဆိုသည်။

 

“၅၀၃၊ ၅၀၄ တပ်က လာခွဲတာ။ တံတားကတော့ အပေါက်ဖြစ်သွားပြီ။ သွားမရတော့ဘူး။ ထိပ်မှာလည်း အက်နေတယ်။ ကျိုးသွားလောက်တယ်” ဟု TNLA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

 

ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက်ပိုင်း တံတားဖောက်ခွဲခံရခြင်းဖြစ်သည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှ ယမန်နေ့အထိ ရှမ်းမြောက်ဒေသရှိ နမ္မတူမြို့အပါအဝင် မြို့ငါးမြို့ကို TNLA က ထိန်းချုပ်ထားနိုင်ပြီး နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးကာ ဒေသခံထောင်ချီနေရပ်စွန့်ခွာခဲ့ရသကဲ့သို့ မြို့အတွင်းပိတ်မိခဲ့သူရာချီရှိခဲ့သည်ဟု သိရသည်။

 

မိုးတေတံတားဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုမှုမရှိသေးသကဲ့သို့ TNLA ဘက်ကလည်း တရားဝင်သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။