နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဟု TNLA ဆို

Author လဂွန်းအိမ်
Categories
Published on Dec 28, 2023

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAမှ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခမရ ၃၂၄ ဗျူဟာကုန်းအပါအဝင်  မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအား ဒီဇင်ဘာ ၂၈ ယနေ့တွင်သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်သည့် နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီခမရ-၃၂၄ တပ်စခန်းမှ သာလွန် လက်နက်အင်အားဖြင့် လည်းကောင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် လည်းကောင်း ခုခံကာကွယ်ခဲ့သော်လည်း ၄ရက် အကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် တအာင်းတပ်မတော် TNLA မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄ နှင့်  ခလရ-၂၅၆ တို့မှ လာရောက် ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်စခန်းဖြစ်ပြီး တိုက်ပွဲအတွင်း Mi17 ထောက်ပို့ယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၂)ကြိမ်တိုင်တိုင် နမ္မတူတပ်စခန်းကုန်းသို့ ထောက်ပံ့ပေးခဲ့သည့်အပြင် ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် (၉၃)ကြိမ် ထက်မနည်း နမ္မတူမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ Jet  Fighter ဖြင့် (၂၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၂၇)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် (၉)ကြိမ် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် လက်နက်ကြီး ပစ်ခတ်မှု ၉၃ ကြိမ် ထက်မနည်းရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းအကြိမ် ၃၀၀ နီးပါခန့် အသုံးပြု တိုက်ခိုက်ခဲ့ကာ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုများကြောင့် နမ္မတူမြို့နယ် ဒေသခံ (၂)ဦး သေဆုံးခဲ့ပြီး (၈)ဦး ဒဏ်ရာ ရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၇)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့သည့်အပြင် လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲကာလအတွင်း တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိကာ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါရှိပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား ထုတ်ဖော်ပြသထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် TNLA မှ  နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြို့အဖြစ် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Related News

Depend on news