နမ္မတီး ခမရ (၃၉၀) ရဲ့ တပ်ပြေးစာရင်းများပေါက်ကြား တပ်ပြေးများတွင် စစ်မှုထမ်း ၉ ဦး ပါဝင်

အရင်က စကခ(၃) လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ အမှတ် (၃) ခြေလျင်တပ်မဟာလက်အောက်ခံ အမှတ် (၃၉၀) ခြေမြန်တပ်ရင်း ခမရ (၃၉၀) ရဲ့ တပ်ပြေးစာရင်းတွေ ပေါက်ကြာလားတာကို CJ Platform ကလက်ခံရရှိထားပါတယ်။
ကချင်ပြည်၊ နမ္မတီးမြို့အခြေစိုက် ခမရ (၃၉၀) မှာ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ တပ်ပြေး အယောက် ၂၀ ရှိခဲ့ပြီး အဲဒီအထဲမှာ အဓမ္မခေါ်ဆောင်ခံထားရတဲ့ စစ်မှုထမ်း ၉ ဦးလည်း ပါဝင်တာကိုတွေ့ရပါတယ်။ စာရင်းထဲမှာ ပါရှိတဲ့ ကိုယ်ပိုင်နံပတ်တွေအရ စစ်မှုထမ်း အပတ်စဉ် (၃)၊ အပတ်စဉ် (၅)၊ အပတ်စဉ် (၆) နဲ့ အပတ်စဉ် (၇) သင်တန်းဆင်းတွေ ပါဝင်တာကိုတွေ့ရပါတယ်။
ထူးခြားမှုအနေနဲ့ တပ်ပြေးတွေထဲ ရုံးပိုင်းကိုသာ အဓိကလုပ်ဆောင်ရတဲ့ တပ်ကြပ်ကြီးစာရေးတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် ၄ဦးကို ခွင့်မဲ့ပျက်ကွက်အဖြစ် ထပ်မံကြေညာဖို့ရရှိနေပြီး အဲ့ဒီအထဲမှာ အပတ်စဉ် (၆) သင်တန်းဆင်း စစ်မှုထမ်း ၁ ဦးလည်း ပါပါတယ်။
CJ Platform က ရရှိတဲ့ စာရင်းတွေမှာ ခွင့်မဲ့ပျက်ကွက်လို့ ရေးထားပေမယ့် စစ်ဝတ်အပ်နှံရန် ကျန် လို့ ဆက်လက် ဖော်ပြထားတဲ့အတွက် တပ်ပြေးတွေဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က အတည်ပြုပါတယ်။
၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ တိုက်ပွဲများအတွင်း စခန်းတွေနဲ့ မြို့တွေလက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီဟာ အင်အားဖြည့်တင်းဖို့ တပ်ပြေးတွေကို ပြန်ခေါ်တာအပါအဝင် စစ်မှုထမ်း ခေါ်ဆောင်တာတွေလုပ်လာပါတယ်။ ၂၀၂၃ ဒီဇင်ဘာ ၄ ရက်နေ့မှာ တပ်ပြေးတွေကို အရေးမယူဘဲ ပြန်လည်တာဝန်ထမ်းဆောင်းရင် လက်ခံမယ်ဆိုပြီး က စစ်ကောင်စီ သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့ အမိန့်ကိုလည်း ၂၀၂၄ ဖော်ဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။