နမ့်ဆန် ရဲစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ တအောင်းတပ်ထုတ်ပြ

Author ခေတ်နီ
Categories
Published on Dec 12, 2023

၁၀၂၇ စစ်ဆင်ရေးအတွင်းမှ ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် နံနက်အစောပိုင်းတွင် ရှမ်းပြည်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်သိမ်းခဲ့ရာမှ ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို တအောင်းတပ်မတော် TNLA က ယနေ့(ဒီဇင်ဘာ ၁၂ ရက်)တွင် ထုတ်ဖော်ပြသလာခဲ့ခြင်းဖြစ်သည်။

 

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို(၃)လက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု PSLF/TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် ကွတ်ခိုင်မြို့နယ်က စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းသိမ်းတိုက်ပွဲမှလည်း စစ်သုံ့ပန်း ခုနစ်ဦးအပါအဝင် ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

တအောင်းတပ် TNLA သည် နမ့်ဆန်၊ လားရှိုးနှင့် ကွတ်ခိုင်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်း ငါးခုကို ဒီဇင်ဘာ ၁၀ နှင့် ၁၁ ရက်တို့တွင် ၂ ရက်ဆက်သိမ်းပိုက်နိုင်ခဲ့သည်။

 

ထိုစခန်းများမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့ ပူးပေါင်းအထိုင်ချထားသည့် တပ်စခန်းနှင့် ကဒိုင်းဖူးတောင်တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက် တစ်မနက်တည်း နမ့်ဆမ်မြို့ရှိ လွယ်ဆိုင်တပ်စခန်း၊ နမ့်ဆမ်ရဲစခန်းတို့အပြင် လားရှိုးမြို့၊ အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတို့သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်က သိမ်းပိုက်နိုင်ရန် ကြိုးပန်းနေသည့်အတွက် ဒီဇင်ဘာ ၁၀ ရက် သန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့သကဲ့သို့  ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီ ၃၄ မိနစ်ခန့်တွင်လည်း ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ်၊ ၁၀ နာရီ ၅၀ မိနစ်ခန့် Jet Fighter ဖြင့် (၂)ကြိမ်၊ သန်းခေါင်ယံ ၁၂ နာရီခွဲခန့်က Y12 လေယာဥ်ဖြင့် ဗုံး(၁၆)လုံး ထပ်မံ၍ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

ထို့ပြင် ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်းသို့ Y12 လေယာဥ်ဖြင့် (၂)ကြိမ် ဗုံးလာကြဲချခဲ့သည်ဟု တအောင်းတပ်က ဆိုသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှစ၍ ယနေ့အထိ ရှမ်းမြောက်တခွင်တွင် စစ်ရေးပြင်းထန်နေပြီး တအာင်းတပ်မတော်သည် စစ်ကောင်စီ၏ တပ်စခန်း (၅၈) ခု သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေးကိုလည်း ကြိုးပမ်းတိုက်ခိုက်လျက်ရှိသည်။