နမ့်ဆန် စစ်ဘေးရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

Author ခေတ်နီ
Categories
Published on Dec 15, 2022

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်မှ စတင်ပြီး နမ့်ဆန်မြို့နယ်အတွင်း တပတ်ကြာဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီ လုပ်ဆောင်နေသူများထံမှ သိရသည်။

နမ့်ဆန်မြို့နယ် အတွင်းရှိ TNLAတပ်စခန်းရှိရာ နေရာများသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်မှ စတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လူချကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အလွန်အကျွံ့ အသုံးပြု တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။


ထိုသို့ တပတ်တာနီးပါး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးနားရှိ ဟူမန်း ၊ကုန်းသာ ၊ပိန်းလုံ ၊မန်လုံး ၊ပန်အလောနှင့် ဆာမ်ငမ် ကျေးရွာများမှဒေသခံ ၂၀၀၀ နီးပါးသည် ဘေးလွတ်ရာဒေသများကို တိမ်းရှောင် ထွက်ပြေးနေရတာပဲ ဖြစ်သည်။

လက်ရှိမှာ အဆိုပါစစ်ရှောင်များသည် နမ့်ဆန့်မြို့ပေါ်ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းနှင့် မန်လုံးနှင့် မန်ဖက် ကျေးရွာများမှာ စစ်ဘေးတိမ်းရှောင်နေရပြီး ဇယန်းကြီးကျောင်း တခုတည်းမှာပင် စစ်ရှောင် ၁၃၈၆ ဦးထိရှိနေပြီး ၎င်းတို့အနက်မှ ၆၇၀ ဦးဟာ ၁၈ နှစ်အောက် ကလေးငယ်များဖြစ်ပြီး ၎င်းစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အကူအညီများနှင့် အနွေးထည်များ စောင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

“လက်ရှိမှာတော့ စားနပ်ရိက္ခာကအဆင်ပြေ နေသေးတယ် တပတ်ကျော်လာရင်တော့မပြောတတ်ဘူးပေါ့ စစ်ရှောင်တွေက ဒီမှာတင်ထောင်ကျော်နေတာလေ လိုနေတာကတော့အနွေးထည်တွေ စောင်တွေပါပဲ ရိက္ခာက တပတ်လောက်ထိ ရသေးတယ်”ဟု ဇယန်းကြီးကျောင်းမှ ဆရာတော်ဦးပညောဘာသက မိန့်သည်။

လက်ရှိတွင် နမ့်ဆန်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ ငြိမ်သက်လျက်ရှိနေပြီး စစ်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် အရပ်သား၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နမ့်ဆန်မြို့ #စစ်ဘေးရှောင် #TNLA