နမ့်ဆန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် လေးရက်တာအတွင်း စစ်ကောင်စီကြောင့် အရပ်သား(၃) ဦး သေဆုံးကာ နေအိမ် (၃၀) ကျော် မီးလောင်ပျက်စီး

Author အဂ္ဂ
Categories
Published on Dec 15, 2023

ရှမ်းပြည်(မြောက်ပိုင်း) ရှိ နမ့်ဆန်မြို့နယ်ကို တအာင်းတပ်မတော်(TNLA)က ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဒီဇင်ဘာ ၁၂ ရက်မှ ယနေ့အထိ လေးရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း အရပ်သားသုံးဦး သေဆုံးကာ နေအိမ် (၃၀) နီးပါး မီးလောင်ပျက်စီးခဲ့ရသည်ဟု တအာင်းတပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တအာင်းတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ‌နမ့်ဆန်မြို့နယ်ကို (ဒီဇင်ဘာ ၁၄ ရက်) ‌နှင့် ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) တွင်  စစ်ကောင်စီတပ်က လေကြောင်းမှ ယမန်နေ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦး သေဆုံးကာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဒေသခံနေအိမ်အများအပြား ထိခိုက် မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူပင် ယမန်နေ့ည (၁၁) နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ‌နေအိမ် (၄) လုံး ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ပြီး အသက် (၇၀) အရွယ် အဘိုးအိုတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်ဟု သိရသည်။

 

ထို့အပြင် ယနေ့ နံနက် (၇) နာရီအချိန်တွင် ငွန်ဆိုင်းကျေးရွာနှင့် နမ့်ဆန်မြို့အတွင်းသို့ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက်  နေအိမ်(၃)လုံး နှင့် ငွန်ဆိုင်းရွာ အ.မ.က ကျောင်းအား ထိမှန်မီးလောင်ပျက်စီးခဲ့သည်။ နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက် အတွင်းသို့လည်း ဗုံးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဈေးဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ယနေ့နေ့လယ် (၂) နာရီခန့်တွင်လည်း နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းမှ လာရောက်ဗုံးကြဲခဲ့သဖြင့် စစ်တပ်ပိုင် ရွှေဖီဦးအချိုခြောက်စက်ရုံ မီးလောင်ခဲ့သေးသည်ဟု သိရသည်။

 

ဒီဇင်ဘာ (၁၂) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နမ့်ဆန်မြို့ နမ့်မဝေါရပ်ကွက်အတွင်း နေထိုင်သူ အရပ်သားတစ်ဦး သေဆုံးခဲ့ရသေးသဖြင့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် လေးရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးသေဆုံးကာ နေအိမ် (၃၀) နီးပါး မီးလောင်ပျက်စီးခဲ့ရသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ ဒီဇင်ဘာ (၁၁) ရက်အထိ စစ်ဆင်ရေး (၄၆) ရက်တာအတွင်း အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များကို လေကြောင်းနှင့် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအောင်းစစ်ဒေသရှိ ကလေးငယ် (၁၄)ဦးအပါအဝင် အရပ်သား (၆၀)ဦးကျော် သေဆုံးခဲ့ကာ(၁၃၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်  (၂၈၂) လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။

Related News

Depend on news