နမ့်ဆန်တွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး နေအိမ်(၁၆)လုံး မီးလောင်
ရှမ်းပြည်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော်(TNLA) တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေစဉ် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများသည် အရပ်သားပြည်သူများရှိရာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယင်းမြို့ခံ တစ်ဦးသေဆုံးသည့်အပြင် စေတီပုထိုးများနှင့် နေအိမ် (၁၆) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု တအောင်းတပ်မတော်(TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာ (၁၀) ရက်နေ့မှ စတင်၍ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီ၏ နမ့်ဆန်နှင့် မန်တုံတပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် နမ့်ဆန်မြို့ပတ်ဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နမ့်ဆန်မြို့ရှိ ပတ္တမြားစေတီနှင့် နမ့်မဝေါရပ်ကွက်ရှိ နေအိမ် နှစ်လုံး မီးလောင်ပြီး ငါးလုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ထို့ပြင် ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်)တွင် အထက်မန်လွယ်ကျေးရွာအတွင်း လက်နက်ကြီး ရှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးကာ ပန်လောကျေးရွာတွင်လည်း နေအိမ် (၇) လုံး ထိခိုက်ပျက်စီခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ နံနက် (၇) နာရီခန့်တွင် နမ့်ဆန်မြို့ကို စစ်ကောင်စီက လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နမ်ဆန်မြို့ နမ့်မဝေါရပ်ကွက်ရှိ ဦးဟိန်းလတ် ဆိုသူ ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ယမန်နေ့ နေ့လယ် (၁၂) နာရီ (၅၀) မိနစ်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ မန်လုံအုပ်စု၊ လွယ်လွမ်ကျေးရွာအတွင်းသို့ စစ်ကောင်စီက လေကြောင်းမှ ပေါင် (၅၀၀) ဗုံးလာရောက်ကြဲချသဖြင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တခွင်တွင် စခန်းပေါင်း (၂၈၀) ကျော်လက်လွှတ်ထားရပြီး မြို့ကြီး အချို့ကိုပါ လက်လွှတ်ရသည်အထိ အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများရှိရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားမှုများကို ညီနောင်မဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများရှိ အကွာအဝေးပြ ဆိုင်းဘုတ်များတွင် တွေ့မြင်ရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) မှ ဒီဇင်ဘာ (၁၁) ရက်အထိ စစ်ဆင်ရေး (၄၆) ရက်တာအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များကို စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအောင်းစစ်ဒေသရှိ ကလေးငယ် (၁၄)ဦးအပါအဝင် အရပ်သား (၆၀)ဦးကျော် သေဆုံးခဲ့ကာ(၁၃၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် (၂၈၂) လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။