နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရပ်သားနေအိမ်များကို ဖောက်ထွင်းလုယက်ဟု TNLAဆို

Author ခေတ်နီ
Categories
Published on Dec 13, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရပ်သား နေအိမ်များကို ဖောက်ထွင်း လုယက်မှုများ လုပ်ဆောင်ခဲ့ကြောင်း TNLAဘက်မှ ဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်သတ္တပတ် တစ်ခုနီးပါး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာ အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ကုန်းသာကျေးရွာအတွင်း မီးရှို့မှုနှင့် လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ် လေးလုံး ပျက်စီးကာ ရွာလုံးကျွတ်နီးပါး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တာပဲ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ကုန်းသာရွာနှင့် အနီးအနားရှိ ဟူးမန်းရွာနှင့် ပန်းအလောက်ရွာရှိနေအိမ်များကိုလည်း စစ်ကောင်စီ၏ စစ်ကြောင်းများမှ ဖောက်ထွင်း မွှေနှောက်ပြီး ငွေနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်းလဲ TNLAမှ ဆိုထားသည်။

” သူတို့ ရွာထဲကို စစ်ကြောင်းဝင်လာတော့ အိမ်တိုင်းကို ဖောက်ပြီး မွှေသွားတယ်၊ တချို့အိမ်ဆို ရွှေထည်ပစ္စည်းတွေ ပါသွားတယ်၊ ကျမဆိုင်ကိုလည်း သော့ဖျက်ပြီး စားစရာတွေ၊ ဆန်အိတ်တွေကိုလည်း ဖောက်ပြီး သူတို့နိုင်သလောက်ကို ယူသွားတယ်၊ ပြီးတော့ ကျမ ရောင်းလို့ရတဲ့ ငွေနဲ့ အရင်းအနှီးလုပ်ဖို့ ထား ထားတဲ့ ငွေ(၁၇)သိန်းကျော်ကိုလည်း ယူသွားတယ်၊ အခု ကျမတို့ ဘယ်လို ရှေ့ဆက်ရမလဲ မသိဘူး” ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို TNLAမှ ထုတ်ပြန်ထားသည်။

ရက်သတ္တပတ် တစ်ခုနီးပါးကြာမြင့်ခဲ့သည့် တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်မှ TNLAတပ်ဖွဲ့ဝင်များရှိရာ နေရာများနှင့် အရပ်သားအဆောက်အဦးများကို ပေါင် ၅၀၀ ဗုံးများကြဲချခြင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် ထိခိုက်မှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး။

“ဒီနေ့တော့ ခုထိငြိမ်နေသေးတယ် မနေ့က ၂ နာရီခွဲဝန်းကျင်မှာ ပစ်မှတ်ရှာပြီး ဗုံးကြဲတာရှိခဲ့တယ် ဒီနေ့တော့ သူတို့ဖက်က လေယာဥ်နဲ့ ကြည့်နေတာရှိတယ် ပစ်ခတ်တာတော့ မရှိသေးဘူး”ဟု TNLAသတင်းနှင့် ပြန်ကြားရေးဌာန မှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်မှ ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မနက်ပိုင်းတွင်တော့ နှစ်ဖက် ပစ်ခတ်မှုများ ငြိမ်သက်လျက် ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ- TNLA
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #TNLA