နမ့်ဆန်တိုက်ပွဲသည် TNLAကို တိုက်ခိုက်လိုခြင်း မဟုတ်ဘဲ PDFများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ဟု စစ်ကောင်စီမှ အရှက်ပြေ ဝါဒဖြန့်

Author ခေတ်နီ
Categories
Published on Dec 18, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှာ ရက်သတ္တပတ်တစ်ခုကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများonf တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ကို ဦးတည် တိုက်ခိုက်ခြင်းမဟုတ်ပဲ ယင်းဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ ယင်းတို့၏ဝါဒဖြန့်မီဒီယာများမှ တဆင့် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် နမ့်ဆန်မြို့နယ်အတွင်း လက်နက်များသယ်ယူလာသည့် PDFများရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာတဝိုက်တွင် ရဟတ်ယာဥ်များဖြင့် လူချကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲအစပိုင်းတွင် TNLA နှင့် နားလည်မှုလွဲပြီး ပစ်ခတ်မှုများ ဖြစ်ခဲ့သော်လည်း NUG၊ CRPH၊ PDF တို့ နှင့်သာ သက်ဆိုင်ကြောင်း စစ်ကောင်စီတပ်မှ ရှင်းလင်းအသိပေးသည့် နောက်တွင်TNLAက သဘောပေါက် နားလည် လက်ခံခဲ့ကြောင်းလည်း စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုတွင်ပါရှိသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ပြောဆိုမှုအပေါ် အတည်ပြုမေးမြန်းနိုင်ရန် TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကို CJ Platformမှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်း အခက်အခဲများကြောင့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

တစ်ပတ်ကြာတို က်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးများ ကြဲချမှုအပါအဝင်လေကြောင်းတိုက်ခိုက်မှု ၄၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ကို TNLA မှ ဖမ်းဆီးရမိခဲ့ကြောင်း TNLA၏ မြေပြင်တပ်ဖွဲ့ဝင်တချို့မှ ပြောဆိုမှုများရှိခဲ့ပေမယ့် ဒုဗိုလ်မှူးကြီးတာအိုက်ကျော်မှ နှစ်ဖက်အကျအဆုံးအသေးစိတ်ကို ၎င်းအနေဖြင့် မသိရှိရသေးကြောင်း CJ Platform အား ဒီဇင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဖြေကြားထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီမှ အရာရှိနှင့် အခြားအဆင့် တပ်သားများ သေဆုံးမှုရှိကြောင်းလည်း ဝါဒဖြန့်မှုတွင် ပြောဆိုခဲ့ပေမယ့် အရေအတွက်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

တစ်ပတ်တာ တိုက်ပွဲများအတွင်း တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ဒေသခံ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သား နှစ်ဦးလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နမ့်ဆန် #TNLA #PDF