နမ့်ခမ်းသို့ ရဟတ်ယာဉ်ဖြင့်စစ်ကူလာသည့် စစ်ကောင်စီ အတိုက်ခံရပြီး သေဆုံးသူများပြား လက်နက်များပါ သိမ်းဆည်းရမိ
တအောင်းတပ်က ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေသော ရှမ်းပြည်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် ချပေးသည့် စစ်ကူများကို တအောင်းတပ်(TNLA)က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းနှင့် ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စခန်းသစ်ကုန်းသည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း နေ့စဉ်ရက်ဆက်ဆိုသလို တအောင်းတပ်မတော်က တိုက်ခိုက်နေသည့် စခန်းကုန်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းကုန်းမကျရေးအတွက် ရဟတ်ယာဉ်ဖြင့် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူအင်အား (၁၀၀)နီးပါးကို (၃)ကြိမ် လာရောက်ချပေးခဲ့သည်ဟု သိရသည်။
ထိုသို့လာရောက်ချပေးခဲ့သည့် စစ်ကူများကို တအောင်းတပ်မတော်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး လက်နက်မျိုးစုံ (၁၉)လက်၊ ကျည်ဆံ (၄)သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စခန်းသစ်ကုန်းသည် နမ့်ခမ်းမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့်စခန်းကုန်းဖြစ်သဖြင့် စစ်ကောင်စီဘက်က အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး အဆိုပါစခန်းမကျရေးကို ကြိုးပမ်းနေသည်ဟု သိရသည်။
တအောင်းတပ်နှင့် စခန်းသစ်ကုန်ရှိ စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအဖြစ် Jet Fighter ဖြင့် (၂၂၁)ကြိမ်၊ Y8/Y12 လေယာဉ်ဖြင့် (၆၂) ကြိမ်၊ Mi35 ဖြင့် (၁၇)ကြိမ် လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် မန်တတ်တပ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၃၅၀)ကြိမ်ထက်မနည်း ပစ်ကူ၍ ခုခံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၆၀) နီးပါး သိမ်းယူထားနိုင်ခဲ့ပြီး နမ့်ခမ်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေးကိုလည်း အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။
ဓာတ်ပုံ – The Ta’ang Post