နမ့်ခမ်းရှိ စစ်ဘေးရှောင်များ ခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ

Author ခေတ်နီ
Categories
Published on Dec 14, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

 

နမ့်ခမ်းမြို့နယ်ရှိ ဇေယျာသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။

 

ဗုံးကြဲခံရသည့် ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင် ၂၆၂ ဦးခိုလှုံ့သည့်နေရာဖြစ်ပြီး ဗုံးကြဲမှုကြောင့် ကျောင်းဆောင်အများအပြားပျက်စီးခဲ့သည့်အပြင် ကိုရင်ငယ်တစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားချက်အရ သိရသည်။

 

ထိုနည်းတူ မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာ နှင့် နမ့်ခုမ်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးသို့ Y12 လေယာဉ်ဖြင့် ဗုံး (၆)လုံး လာရောက်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၁ ရက်နေ့က ရှမ်းမြောက်တခွင်က စစ်ပွဲများနှင့်ပတ်သက်၍ နိုင်ငံရေးနည်းဖြင့်အဖြေရှင်းနိုင်ရန် ညီနောင်သုံးဖွဲ့နှင့်တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားပြီးနောက် အရပ်သားများနေထိုင်ရာနေရာများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – TNLA