နမ့်ခမ်းမြို့တွင်း စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Dec 02, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့အတွင်း ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် ညပိုင်းက စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားနှစ်ဦး သေဆုံးကြောင်း မြို့ခံပရဟိတအဖွဲ့များထံမှ သိရသည်။

နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက် အတွင်းသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ည ၉ နာရီခွဲဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှုနှင့် လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများက ဆိုသည်။

“ကျွန်‌တော်တို့ သွားသယ်တာတော့ နှစ်လောင်းပေါ့။ တခြားထိတဲ့သူတွေလည်း ငါးယောက်ကျော် တယ်။ နေအိမ်ထိတာတွေလည်း ရှိတယ်။ ဘယ်လောက်ထိလဲဆိုတာတော့ သေချာမသိဘူးပေါ့လေ ” ဟု နမ့်ခမ်းမြို့အခြေစိုက် NMBG (Nimham Mountain Bike Group) လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား(၆) ဦးအထိ သေဆုံးပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာ တစ်ခုဖြစ်သည့် ရွှေဖီမြေ သတင်းတွင် ဖော်ပြထားသည်။

 

ထိုနည်းတူ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ပွဲများအတွင်း အရပ်ဖက် အဆောက်အအုံများမှနေ၍ ၎င်းတို့၏ တပ်များကို ပစ်ခတ်မှုများရှိခဲ့ပါက ထိုအဆောက်အအုံကို စစ်ရေးပစ်မှတ်အဖြစ် ပြောင်းလဲတိုက်ခိုက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပြောဆိုထားသည်။

 

ယမန်နေ့ ညပိုင်း နမ့်ခမ်းမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း နေအိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို CJ Platform သတင်းဌာနမှ ဆက်လက်စုံစမ်း‌လျက်ရှိသည်။

 

ပုံ – Nang Hom Hsai လူမှုကွန်ရက်အကောင့်