နမ့်ခမ်းနှင့်နောင်ချိုတွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများအတွင်း အရပ်သားသုံးဦး သေဆုံး

Author ခေတ်နီ
Categories
Published on Nov 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနှင့် နောင်ချိုမြို့နယ်များအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား သုံးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAမှ သတင်းထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်အောင်ရွာ ၊မန်နားရွာ၊ သာယာကုန်းရပ်ကွက်များကို စစ်ကောင်စီတပ်မှ ယမန်​နေ့ နိုဝင်ဘာလ၂၆ ရက်နေ့တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး အပါအဝင် လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ် နှင့်  လက်နက် ကြီး (၂၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် အသက်(၁၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးကာ အရပ်သားသုံးဦး ထိခိုက်မှုရှိခဲ့ပြီး မန်အောင်နှင့် မန်နားကျေးရွာရှိ တိုက်နယ်ဆေးရုံနှင့် နေအိမ်များလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

 

ထိုနည်းတူ နောင်ချိုမြို့နယ်တွင်လည်း ရွှေညောင်ပင်ရွာရှိ စစ်ကောင်စီတပ်မှ  သုံးဆယ်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးဆယ်ရွာမှ ဒေသခံ နှစ်ဦး သေဆုံးပြီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သေးသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယမန်နေ့ နိုဝင်ဘာလ(၂၆)ရက်နေ့ထိ စစ်ကောင်စီတပ်၏  လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သား(၆၀)ကျော်  သေဆုံးခဲ့ကာ (၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်းလည်း TNLAထံမှ သိရသည်။

 

ဓာတ်ပုံ – The Ta’ang Post

Related News

Depend on news