နမ့်ခမ်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ငါးဦးသေဆုံး

Author ခေတ်နီ
Categories
Published on Dec 08, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားငါးဦး သေဆုံးကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAမှ သတင်းထုတ်ပြန်ထားသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ  ပန်လော်ကျေးရွာနှင့် ဟိုနား(ကောင်းကပ်)ကျေးရွာတို့ကို ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုနားကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်ငါးဦး သေဆုံးခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုနည်းတူ ထိုနေ့ညပိုင်းတွင်လည်း စစ်ကောင်စီမှ ပန်လော်ကျေးရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ပြီး အရပ်သားနေအိမ် (၇)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏  လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၁၄)ဦး အပါအဝင် အရပ်သား (၆၀)ကျော် သေဆုံးခဲ့ပြီး (၁၃၇)ဦး ထိခိုက် ဒဏ်ရာရရှိကာ နမ့်ခမ်းမြို့နယ်တွင်ပင် အရပ်သား ၁၁ဦးအထိ သေဆုံးပြီး ဖြစ်သည်။

 

ဓာတ်ပုံ – TNLA