နမ့်ခမ်းက စစ်ကောင်စီ စခန်းတစ်ခု ထပ်သိမ်း၊ စစ်တပ်အတွက် လေယာဉ်ဖြင့်ချပေးသည့် ဆေးဝါးနှင့် ခဲယမ်းသေတ္တာများ TNLA ကြားဖြတ်ပစ်ခတ်သိမ်းယူနိုင်ခဲ့

Author အဂ္ဂ
Categories
Published on Nov 16, 2023

၁၀၂၇ စစ်ဆင်ရေး(၂၁)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ (နိုဝင်ဘာ ၁၆) နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီ တာကွန့်တပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း တအောင်းအမျိုးသားတပ်မတော်(TNLA)က ထုတ်ပြန်သည်။

 

ထို့ပြင် တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းသို့ စစ်ကောင်စီတပ်မှ ထောက်ပို့လေယာဥ်ဖြင့် ချပေးသည့်  ဆေးဝါးများနှင့် ခဲယမ်း (၁၃)သေတ္တာကို ဒုတိယအကြိမ်အဖြစ် ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

စစ်ကောင်စီတပ်၏ ထောက်ပို့လေယာဉ်ဖြင့် လေကြောင်းမှ ချပေးသည့် စစ်အသုံးအဆောင်ပစ္စည်းနှင့် ရိက္ခာထုပ် (၁၀) ထုပ်စလုံးကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယရက်ဖြစ်သည့် အောက်တိုဘာ (၂၈) ရက်နေ့တွင် ညီနောင်သုံးဖွဲ့က ပထမဦးဆုံးအကြိမ်အဖြစ် ပစ်ခတ်ဖြတ်ယူနိုင်ခဲ့သည်။

 

တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် ကျင်စန့်ကျော့လမ်းခွဲတွင် ယနေ့ နံနက် (၁၁) နာရီ (၄၃)မိနစ်ခန့်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တအာင်းစစ်ဒေသများတွင် စစ်ရေးဆက်လက်တင်းမာလျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ည ၈ နာရီခွဲခန့်ကလည်း တအောင်းတပ်မတော်က မန်လွင်ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့သေးကြောင်း ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

 

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့မှစတင်ကာ စစ်ကောင်စီသည် ရှမ်းမြောက်တခွင်ရှိ အခြေစိုက်တပ်စခန်းများလက်လွှတ်နေရပြီး ယနေ့အချိန်ထိ (၂၁) ရက်တာအတွင်း တပ်စခန်းပေါင်း (၁၆၀) ကျော်နှင့် မြို့ (၇) မြို့အပြင် တင့်ကားများနှင့် ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို လက်လွှတ်ဆုံးရှုံးထားရပြီဖြစ်သည်။

 

ထို့ပြင် တကျော့ပြန်စစ်ပွဲဖြစ်ပွားနေသည့် ရခိုင်တွင်လည်း (၃) ရက်တာအတွင်း ရဲစခန်းအပါအဝင် တပ်စခန်း (၄၀)ကျော် လက်လွှတ်ထားရသကဲ့သို့ စစ်ကိုင်း၊ ကရင်နီ (ကယား) နှင့် ချင်းပြည်ရှိ မြို့အချို့နှင့် တပ်စခန်းများကိုလည်း လက်လွှတ်လိုက်ရပြီ ဖြစ်သည်။