နတ်တလင်းတွင် စစ်ကောင်စီတပ် နှစ်ကြိမ် မိုင်းထိ၊ စစ်သား ခြောက်ဦးသေ

Author မင်းထက်
Categories
Published on Dec 16, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို  နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် နတ်တလင်းမြို့နယ်အရှေ့ တောင်ညို ရဲစခန်းမှ အင်အား ၂၅ ဦးခန့်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်သားများကို ကွမ်းစမ်း သင်္ချိုင်းကုန်းအရောက် ပဒေသာမိုင်းဖြင့် ကြားဖြတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကျန်အင်အားများ ထပ်မံစုစည်းပြီး စစ်ကြောင်းထွက်လာရာ ကွမ်းစမ်းကျေးရွာထိပ် ဧက ၁၀၀ ကျွန်းစိုက်ခင်း အရောက် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်‌သားခြောက်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရရှိကြောင်း ၊မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများပြုလုပ်၍ အလောင်းများနှင့် ဒဏ်ရာရစစ်သားများအား ထော်လာဂျီဖြင့် ကွင်းကျယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

“တပ်မ ၆၆ ကစစ်‌ေ-ွးနဲ့ ကပစ ကပါ။ ရဲ‌ေ-ွးမပါဘူးလို့​သိရတယ်။ နှစ်ကြိမ်ပေါင်း ခြောက်ကောင် သေပါတယ်။ တိုက်ခိုက်ခံရပြီး လက်နက်ကြီးငယ်နဲ့ပစ်တယ် ရဲဘော်တွေ အထိခိုက်မရှိခဲ့ပါဘူး ” ဟု Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoneix D F (နတ်တ လင်း ပြည်သူ့ကာကွယ်ရေး)တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမအတွင်းသို့ အဆက်မပြတ် စစ်ကြောင်းထိုးနေမှု တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များအနီးတွင် နေထိုင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ခရီးအတူ သွားလာခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဆက်အသွယ် ပြုလုပ်ခြင်းကို ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

ဓာတ်ပုံ – Phoenix D F