နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး လေဖြန်းနေသည့် အဖွားအိုတစ်ဦး မီးလောင်သေဆုံး

Published on Feb 05, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်မှ  ဖေဖော်ဝါရီလ (၃)ရက်နေ့တွင်  ညနေ(၃)နာရီခန့်မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကာ လေဖြန်းနေသည့် အသက် ရှစ်ဆယ်ကျော် အဖွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

မုံရွာမြို့အတွင်းမှ စစ်ကား ငါးစီးဖြင့် မအူစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများသည် တောပုရွာတွင် ရပ်တန့်ကာ ခြေလျင်စစ်ကြောင်းဖြင့် လယ်တော်ရွာနှင့် ဘုဘရွာသို့ ဝင်ရောက်ပြီးနောက် နဂါးတွင်းရွာသို့ ဆက်လက်ထွက်ခွာလာစဉ် နဂါးတွင်းကျေးရွာနှင့် လယ်တော်ကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖေဖေါ်ဝါရီလ (၃)ရက်နေ့ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် နေ့လယ် (၁)နာရီခန့်တွင် စစ်ကောင်စီတပ်မှ နဂါးတွင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

“အိမ်ခြေအတိအကျတော့ (၁၀၁) အိမ်ပါ လေဖြန်းထားတဲ့ အသက်(၈၇) နှစ်အရွယ်အဖွား ဒေါ်သန်းသန်း  မီးလောင်သေဆုံးခဲ့ပါတယ်” ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦး မှ CJ Platform သို့ ပြောသည်။

 

နဂါးတွင်းကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုမှာ ယခုအကြိမ်သည် တတိယကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၄)နေ့တွင် တစ်ကြိမ် နိုဝင်ဘာလ (၃) ရက်နေ့တွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သေးသည်။

 

ဓာတ်ပုံ – CJ

 

ပုံစာညွှန်း – စစ်ကောင်စီတပ်မှ နဂါးတွင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို မြင်ရပုံ