ဓားစာခံများ ထပ်မံလဲလှယ်ရန် အစ္စရေး စီစဉ်နေသော်လည်း အပစ်ရပ်စဲရန်သေချာမှသာ လက်ခံမည်ဟု ဟားမက်စ်တုန့်ပြန်

Author လင်းနွေဦး
Categories
Published on Dec 20, 2023

ဟားမက်စ်စစ်အုပ်စုများထံမှ ဖမ်းဆီးခံ ဓားစာခံအရပ်သားများ ထပ်မံလွတ်မြောက်လာရန် အစ္စရေးဘက်က စီစဉ်နေသည်ဟုဆိုသော်လည်း အပစ်ရပ်ရန် သေချာမှုရှိမှသာ လက်ခံနိုင်မည်ဟု ဟားမက်စ်အုပ်စုဘက်က တုံ့ပြန်လိုက်သည်။

hOS

အစ္စရေးအနေဖြင့် နိုဝင်ဘာ (၂၄)ရက်မှ (၃၀)ရက်နေ့အထိ တစ်ပတ်ကြာမြင့်ခဲ့သော ပထမဆုံးအကြိမ် အပစ်ရပ်စဲမှုအတွင်း အစ္စရေးဓားစာခံနှင့် ပါလက်စတိုင်းအကျဉ်းသားများ လဲလှယ်မှုပြီးနောက် ဂါဇာဒေသအတွင်း စစ်ရေးဖော်ဆောင်မှုများ ပြန်လည်စတင်ပြီး သီတင်းပတ် (၃)ပတ်အကြာတွင် ယခုကဲ့သို့ ဒုတိယအကြိမ် ဓားစာခံလဲလှယ်မှုပြုရန် အစ္စရေးဘက်က ဖွင့်ဟလာခြင်းဖြစ်သည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဂါဇာဒေသတွင်း အပစ်ရပ်စဲ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများပို့ဆောင်ရန် အစည်းအဝေးကို ပြီးခဲ့သည့် တနင်္လာနေ့က ခေါ်ယူခဲ့သော်လည်း အမေရိကန်မှ ဗီတိုအာဏာသုံးကာ ငြင်းဆန်ထားမှုကြောင့် ကြန့်ကြာနေရခြင်းဖြစ်သည်။

 

ယနေ့ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ထပ်မံမဲခွဲမှုများပြုလုပ်ပြီး အပစ်ရပ်စဲကာ အကူအညီများ ပို့ဆောင်ရေး ဆောင်ရွက်မည်ဖြစ်သော်လည်း ယမန့်နေ့ အင်္ဂါနေ့ ၌ အမေရိကန်ဘက်က စဉ်းစားသုံးသပ်ဆဲဖြစ်သည်ဟု အကြောင်းပြန်ထားကြောင်း နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။

 

ထိုသို့ကြန့်ကြာနေခြင်းကြောင့် အစ္စရေးဘက်က ယခင်ပြုလုပ်ခဲ့သည့် လဲလှယ်မှုအတိုင်း အစ္စရေးဓားစာခံ ၄၀ ကိုပြန်လွှတ်ပေးပါက တစ်ပတ်တာ အပစ်အခတ်ရပ်စဲမည်ဖြစ်ပြီး ထပ်လောင်း သဘောတူညီမှုများရှိနိုင်မည်ဟု သဘောထားထုတ်ဖော်ခဲ့သော်လည်း ဟားမက်စ်စစ်အုပ်စုဘက်က အပစ်ရပ်စဲရန် သေချာမှသာ လက်ခံစဉ်းစားပေးမည်ဟု တုံ့ပြန်လာခဲ့ခြင်းဖြစ်သည်။

 

အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဂါဇာဒေသအတွင်းရှိ အရပ်သားပြည်သူ ၂ သန်းခန့်မှာ ငတ်မွတ်ခေါင်းပါးနေရကြောင်း ဆိုသကဲ့သို့ “ဂါဇာဒေသထဲကို ဖြတ်သန်းရောက်ရှိသွားတဲ့ အကူအညီတွေဟာ တကယ်လိုအပ်နေမှုရဲ့ပမာဏ အနည်းလောက်သာရှိပါတယ်။ ပြည်သူတချို့ဆိုရင် အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့် ဘာမှကို မစားလိုက်ရတဲ့နေ့တွေ မနည်းတော့ပါဘူး” ဟု ကုလသမဂ္ဂ၏ World Food Programme (WFP)က ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဦးဆောင်ကျင်းပနေသော ဆွေးနွေးပွဲအတွင်း အပစ်ရပ်စဲရေး နှင့် ဓားစာခံလဲလှယ်ရေး သဘောတူညီမှု ရရှိခဲ့မည်ဆိုပါက တစ်ပတ်တာခန့် နှစ်ဖက်ပစ်ခတ် ရပ်စဲမှုအတွင်း ဂါဇာဒေသတွင်းသို့ မြောက်မြားစွာသော ကူညီထောက်ပံ့မှုများ ထပ်မံဝင်ရောက်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်မည်ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြထားသည်။

 

အောက်တိုဘာ (၇)ရက်နေ့မှစတင်သော အစ္စရေး -ဟားမက်စ် စစ်ပွဲအတွင်း ဟားမက်စ်စစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၁၄၀၀ ခန့် သေဆုံးခဲ့ရပြီး ၂၄၀ ခန့်မှာ ဖမ်းဆီး‌ခေါ်ဆောင်ခြင်းခံခဲ့ရကာ အစ္စရေး၏ပြန်လည်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ နှစ်သောင်းနီးပါးသေဆုံးခဲ့ရာတွင် (၈,၀၀၀)ကျော်သည် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။