ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခိုက်၍ ကိုးလသားအရွယ် ကလေးအပါအဝင် မိသားစုသုံးဦးသစ်ပင်ပိ၍ သေဆုံး

Author အောင်နိုင်သူ
Categories
Published on Oct 16, 2022

ဒေးဒရဲမြို့နယ် ဘုရားချောင်းကျေးရွာတွင် ယမန်နေ့ညပိုင်းက မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှု့ကြောင့် အိပ်ပျော်နေသည့် ကိုးလသားအရွယ်ကလေးအပါအဝင် မိသားစုဝင်သုံးဦးသစ်ပင်ပိ၍ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
 
ဘုရားချောင်းကျေးရွာတွင် ယမန်နေ့ ည ၁၀ နာရီခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှု့ကြောင့် နေအိမ်အတွင်းအိပ်ပျော်နေသည့် မိသားစုအပေါ်သို့ သစ်ပင်ပြိုကျခဲ့ရာ သုံးဦးသေဆုံးခဲ့သည်ဟု ကျေးရွာနေသူတစ်ဦးက CJ Platform ကိုပြောသည်။
 
“သူတို့အိမ်က တဲအိမ်လေး ဓနိမိုး ထရံကာ ဝါးခင်းအိမ်လေး မိသားစု ငါးယောက်ရှိတယ် အရမ်းဆင်းရဲတာ သေသွားတာက ကိုးလအရွယ် ကလေးတစ်ယောက် ရှစ်နှစ်အရွယ်သမီး သူ့အမေရော အားလုံးသုံးဦး သေသွားတာ”ဟု ပြောသည်။
 
သေဆုံးသူများမှာ အသက် ၃၂ နှစ်အရွယ် ဒေါ်တင်ဇာမော် အသက်၈နှစ်အရွယ် မဇူးဇူးမောင်နှင့် အသက် ၉လအရွယ် ကလေးတစ်ဦးဖြစ်သည်ဟု ပြောသည်။
 
မိသားစုငါးဦးတွင် ဖခင်ဖြစ်သူနှင့် ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် သွားရောက်နေထိုင်သည်ဟု ကျေးရွာနေသူတွေဆီကသိရသည်။
 
သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင်လည်း ယမန်နေ့နေ့လည် ၁၂ နာရီခွဲက လေပြင်းတိုက်ခတ်၍ နေအိမ်ခုနှစ်လုံး ပြိုကျခဲ့သည့် ဖြစ်စဥ်လဲရှိသည်။
 
အလားတူပင် ဇလွန်မြို့နယ်တွင် ယမန်နေ့ နံနက်အစောပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပို့တစ်ရာကျေးရွာအုပ်စု ၊ ဒေါင့်ကြီးကျေးရွာအုပ်စု ၊ အိုးဘိုကျေးရွာအုပ်စု ၊ကူးတို့ဆိပ်ကျေးရွာအုပ်စုတို့တွင် လူနေအိမ် ၄၀လုံးကျော် ပြိုလဲပျက်စီးခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။
#ဧရာဝတီတိုင်း #ဒေးဒရဲမြို့ #လေပြင်းတိုက်ခတ်မှု #သစ်ပင်ပြိုလဲ #မိသားစုဝင်သုံးဦးဆုံးပါး