ဒေါပုံ ဝါဆိုတံတားအဆင်းတွင် YBS ၁၃၄ ယာဉ်မီးလောင်၊ ငါးဦးဒဏ်ရာရ

Author ကိုထားဝယ်
Categories
Published on Mar 08, 2024

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းတွင် ယနေ့ မတ်လ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်က YBS ၁၃၄ ယာဉ် မီနစ်ဘတ်စ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူ ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ယင်းနေရာသို့လာရောက်ကူညီကယ်ဆယ်ပေးသူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ၁၅ ပေတံတား(ဝါဆိုတံတား)ပေါ်မှ ဖြတ်ဝိုက်သည့် အိမ်စီးကားသည် အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်မှဆင်းလာသည့် YBS ၁၃၄ ယာဉ်ကို အနောက်မှတိုက်မိရာမှ တိမ်းမှောက်သွားပြီးနောက် မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်။

 

“ငါးယောက် ဒဏ်ရာရတာပါ။ တစ်ယောက်ကတော့ နည်းနည်းပြင်းမယ်။ ကျန်တဲ့လေးယောက်ကတော့ စိုးရိမ်စရာသိပ်မရှိဘူး။ ဒဏ်ရာရသူတွေက အသက် ၃၀၊ ၃၅ ကျော်တွေပါပဲ” ဟု ရင်ဘတ်တူ ညီကိုများပရဟိတလူမူကယ်ဆယ်ရေးအသင်း(တာမွေမြို့နယ်)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ထိုယာဉ်တိမ်းမှောက်မှုမှ ယာဉ်မောင်းများအားလုံးကို သက်ဆိုင်ရာ အာဏာပိုင်များက ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်ဟု သိရသည်။

ထိုမီးလောင်သည့်နေရာသို့ ဒေါပုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့်  ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာတွင် မိနစ်ပိုင်းအတွင်း မီးငြှိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

ထို့ပြင် ယနေ့ မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် သိမ်နီမီးပွိုင့်ထောင့်အနီး အိမ်စီးကားတစ်စီး အနောက်သို့ဆုတ်စဉ် မြောင်းထဲသို့ထိုးကျမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း ကားကို ကရိန်းဖြင့်စွဲတင်ခဲ့ရကြောင်း ရင်ဘတ်တူ ညီကိုများပရဟိတလူမူကယ်ဆယ်ရေးအသင်း(တာမွေမြို့နယ်)ထံမှ သိရသည်။